ယူကရိန်းနိုင်ငံ ကိဗ့်မြို့ မူကြိုကျောင်းအနီး ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့မှုကြောင့် ယူကရိန်းပြည်ထဲရေးဝန်ကြီး အပါအဝင် ၁၅ ဦးသေဆုံး

ယူကရိန်းနိုင်ငံ ကိဗ့်မြို့ အပြင်ဘက် မူကြိုကျောင်းအနီးမှာ ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့မှုကြောင့် သေဆုံးခဲ့သူ တွေထဲမှာ ယူကရိန်းပြည်ထဲရေးဝန်ကြီး ပါဝင်သွားခဲ့ကြောင်း ယူကရိန်းအစိုးရတာဝန်ရှိသူများက ပြောပါတယ်။

အဆိုပါရဟတ်ယာဉ်ပျက်ကျမှုကြောင့် ကလေးငယ်များ အပါအဝင် အနည်းဆုံး ၁၅ ဦး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါရဟတ်ယာဉ်ဟာ ယူကရိန်းနိုင်ငံ ကိဗ့်မြို့အပြင်ဘက်ရှိ ဘရိုဗာရီမြို့ရှိ မူကြိုကျောင်းနဲ့ အိမ်ယာ အဆောက်အဦးနားမှာ ဇန်နဝါရီ ၁၈ ရက်က ပျက်ကျသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယူကရိန်းအုပ်ချုပ်ရေးမှူးက သေဆုံးသူ ၁၈ ဦးရှိခဲ့တယ်လို့ အစောပိုင်းက သတင်းထုတ်ပြန်ခဲ့ပေမယ့် ယူကရိန်း အရေးပေါ်ဌာနက အနည်းဆုံး ၁၅ ဦးသေဆုံးကာ ၂၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ရဟတ်ယာဉ် ပျက်ကျမှုကြောင့် သေဆုံးသူတွေထဲမှာ အနည်းဆုံး ကလေးငယ် ၁ဝ ဦး သေဆုံးခဲ့ကြောင်း ယူကရိန်းအစိုးရ တာဝန်ရှိသူတွေ က ပြောပါတယ်။

ယူကရိန်းရဲချုပ်က ယူကရိန်းပြည်ထဲရေးဝန်ကြီး Denys Monastyrsky ဟာ ၂ဝ၂၁ ခုနှစ်မှာ ပြည်ထဲရေးဝန်ကြီး အဖြစ် ခန့်အပ်ခံရသူဖြစ်ပြီး ရဟတ်ယာဉ်ပျက်ကျချိန်အတွင်း သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ သေဆုံးသူတွေထဲမှာ ယူကရိန်းပြည်ထဲရေးဝန်ကြီးရဲ့လက်ထောက်တစ်ဦးဖြစ်တဲ့ Yevheniy Yenin အပြင် ယူကရိန်း ပြည်ထဲရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးက အဆိုပါရဟတ်ယာဉ်ပျက်ကျမှုဟာ ကြောက်စရာကောင်းတဲ့ အဖြစ်ဆိုးကြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ရဟတ်ယာဉ်ပျက်ကျပြီးနောက် မီးလောင်မှုတွေလည်း ဖြစ်ပွားခဲ့ကြောင်း၊ ရယာဉ်ပျက်ကျ ရတဲ့အကြောင်းအရင်းကို မသိသေးကြောင်း ယူကရိန်းအစိုးရတာဝန်ရှိသူများ က ပြောပါတယ်။ ရဟတ်ယာဉ်ဟာ ယူကရိန်းနိုင်ငံ အရှေ့ဘက်ပိုင်းရှိ ရှေ့တန်းစစ်မျက်နှာပြင်ကို ဦးတည်ပျံသန်းဖို့ စီစဉ်ထားပြီး ဘရိုဗာရီမြို့မှာ ပျက်ကျသွားခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။