သင်္ဃန်းကျွန်းမှာ နေ့လယ်ပိုင်းအချိန် အိမ် ဖောက်ထွင်းခံရ

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှာ နေ့လယ်ပိုင်းအချိန် နေအိမ်တစ်အိမ်အား လူတစ်စုက ဖောက်ထွင်းမှုပြုလုပ်ခဲ့တာကြောင့် ငွေကျပ်သိန်း ၂၀ကျော်တန်ဖိုးရှိ ပစ္စည်းများ ပါသွားခဲ့တယ်လို့ ဒေသခံများရဲ့ ပြောဆိုချက်အရ သိရပါတယ်။

အဆိုပါဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၇ရက်နေ့ နေ့လယ်ပိုင်းအချိန် သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်ရှိ အောင်ဇေယျ ၅လမ်းထဲက နေအိမ်တစ်အိမ် ဖောက်ထွင်းခံရမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“ဖြစ်သွားတာကတော့ သေချာတယ်။ နေ့ခင်းဘက်ကြီးဖောက်သွားတာ၊ စီစီတီဗီကနေ ဖောက်သွားတဲ့သူ ၄ယောက်ကိုတွေ့ရတယ်။ သိန်း ၂၀ကျော်ဖိုးလောက်ပါသွားတယ်လို့ ပြောနေတယ်”လို့ အနီးဝန်းကျင်နေသူတစ်ဦးက ပြောပါတယ်။

နေအိမ်ဖောက်ထွင်းမှုမှာ အမည်မသိ အမျိုးသား ၄ဦးက လာရောက်ဖောက်ထွင်းသွားခဲ့ခြင်းဖြစ်ပြီး လပ်တော့တစ်လုံးအပါအဝင် ကျောက်စိမ်းတုံးသေးများ၊ ခြင်ထောင်နဲ့ စောင် ၂စုံအပြင် ဖုန်းအဟောင်းများဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် ၂၅သိန်းခန့် ခိုးယူသွားခဲ့တယ်လို့ သိရပါတယ်။