အသားတိုးကြက် ဈေးကွက်အတွင်း ခြံဖမ်းဈေး ကျပ်၁၀၀၀ခန့် ပြန်ကျနေ

ကြက်သား ရောင်းချတဲ့ လက်ကားဈေးကွက်အတွင်း ယခုရက်ပိုင်းမှာ အသားတိုးကြက်များ ရောင်းချဖို့ အဝင်များနေတာကြောင့် ခြံဖမ်းဈေး မှာ တစ်ပိဿာ ငွေကျပ် ၁၀၀၀ ဈေးနီးပါပြန်လည်ကျဆင်းနေတယ်လို့ သိရပါတယ်။

ရန်ကုန်က မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်ဘဲဈေးကွက်မှာ အသားတိုးကြက်ခြံဖမ်းဈေးအနေနဲ့ပြီးခဲ့တဲ့၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က တစ်ပိဿာလျှင် ငွေကျပ် ၅၀၅၀ ရှိခဲ့ရာမှ ဇန်နဝါရီ ၉ ရက်တွင် ငွေကျပ် ၄၁၀၀ အထိ ကျဆင်းလာနေတယ်လို့ ကြက်ဘဲအရောင်းအဝယ်လုပ်ကိုင်နေသူတွေထံက သိရပါတယ်။

ကြက်ဘဲဈေးအတွင်းမှာ ၁ရက်ကို ကြက်ဘဲ ပိဿာချိန် ရှစ်သောင်းခန့်အဝင်ရှိနေရာ အသားတိုးကြက် ပိဿာချိန်ကလည်း ငါးသောင်းခန့်အဝင်ရှိနေတယ်လို့ဆိုပါတယ်။

“အသားတိုးကြက်က ဒီလထဲမှာ ဈေးနည်းနည်းကျသွားတယ်။ တခြားကြက်ဘဲတွေကတော့ ပုံမှန်ပါပဲ။ အဝင်များလို့ဈေးကျသွားတဲ့သဘောပါလို့”ကြက်ဘဲရောင်းချသူတစ်ဦးက ပြောပါတယ်။

မင်္ဂလာတောင်ညွန့် ကြက်ဘဲဈေးကို ရန်ကုန်၊ ဧရာဝတီနဲ့ပဲခူးတိုင်းဒေသကြီးတို့ကနေ ကြက်ဘဲများ ဝင်ရောက်နေပြီး ရန်ကုန်မြို့ရှိမြို့နယ်များကို ပြန်လည်ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရပါတယ်။