ဝက်သည်းကန်ကထွက်တဲ့ ကြာချည်ပိတ်တစ်ကိုက် ကျပ် တစ်သိန်းနီးပါးနဲ့ ပြည်ပပို့နေ

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ဝက်သည်းကန်ကထွက်ရှိတဲ့ ကြာချည်ပိတ်တွေ ပြည်ပတင်ပို့ရာမှာ ပိတ်တစ်ကိုက်ကို ကျပ် တစ်သိန်းဝန်းကျင်ထိ ဈေးရနေတယ်လို့ ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာနက သိရပါတယ်။

ဝက်သည်းကန်ကထွက်ရှိတဲ့ ကြာချည်တွေ ပြည်ပတင်ပို့ရာမှာဈေးကောင်းနေပြီး ကြာချည်တစ်ပိဿာကို ကျပ်လေးသိန်းခွဲအထိ ဈေးရတယ်လို့ သိရပါတယ်။

ကြာပင် ၇၀၀ မှ ၈၀၀ ကျော်အစေးထုတ်မှသာ ကြာချည်တစ်ကျပ်သားနီးပါးရတဲ့အတွက် ထုတ်လုပ်ရာမှာ အလွန်လက်ဝင်ပြီး ကြာချည်က ဧပြီမှ အောက်တိုဘာလအထိ အစေးထွက်ရှိမှုကောင်းကာ နိုဝင်ဘာနောက်ပိုင်း အစေးထွက်ရှိမှုနည်းလာတယ်လို့ သိရပါတယ်။

အရည်အသွေးကောင်းတဲ့ကြာချည်ကို ကုန်ကြမ်းအတိုင်း တင်ပို့ရောင်းချမယ့်အစား နည်းပညာနဲ့ယက်လုပ်ပြီး ပိတ်စအဖြစ်ရောင်းချပါက တစ်ကိုက်ကို ၉၉၀၀၀ ကျပ် ရရှိလို့ ကုန်ချောအဖြစ်ထုတ်လုပ်ကာ တင်ပို့ရောင်းချသင့်တယ်လို့ ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာနက အကြံပြုထားပါတယ်။