မန်းရွှေစက်တော် ဘုရားပွဲတော်ကာလအတွင်းယာဉ်လိုင်းများ တိုးချဲ့ပြေးဆွဲမည်

“၃ လနီးပါးကြာအောင် ကျင်းပမည့် မန်းရွှေစက်တော် ဘုရားပွဲတော်ကာလအတွင်း ခရီးသည်တင်ယာဥ်လိုင်းတစ်ခုတည်း​က ကားအစီးရေ (၃ဝ)ဖြင့် ပြေးဆွဲသွားမည်ဟုဆို”

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကို ဇန်နဝါရီ ၂၅ ရက်မှ ဧပြီ ၁၇ ရက်အထိ (၃)လနီးပါးကြာ ကျင်းပသွားမည်ဖြစ်ရာ အဆိုပါပွဲတော်ကာလအတွင်း၌ မင်းဘူး-ရွှေစက်တော် ခရီးစဥ်ကို ပြေးဆွဲသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

ယင်းခရီးစဥ်ကို မင်းဘူးမြို့၊ မြောက်လှည်းကောက် အဝိုင်းပတ်ဂိတ်၌ အောင်မန်းမော်တော်ယာဉ်ငယ်လိုင်းမှ ဇန်နဝါရီ ၂၅ ရက်မှ စတင်ကာ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ပြေးဆွဲသွားမည်ဖြစ်သည့်အပြင် အဆိုပါယာဉ်လိုင်းမှပင် တောင်တက် တောင်ဆင်းခရီးစဉ်ကိုလည်း ပြေးဆွဲပေးသွားမည်ဟုဆိုသည်။

အဆိုပါခရီးစဥ် ၂ ခုအတွက် Starex နှင့် Vongo ကားအမျိုးအစား မှန်လုံယာဉ်ငယ် အစီး(၃ဝ)စီးဖြင့် ပြေးဆွဲသွားမည်ဖြစ်သည့်အပြင် ပွဲတော်ကာလအတွင်း ယာဉ်အစီးရေ လုံလောက်မှုမရှိပါက ထပ်မံဖြည့်တင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။