မာလီနိုင်ငံကအမျိုးသမီးတစ်ဦးကလေး ၉ မြွှာပူးမွေးပြီးကမ္ဘာ့ဂင်းနစ် စံချိန်တင်

အမျိုးသမီးတစ်ဦးအတွက် ကလေး ၉ မြွှာပူးမွေးဖို့ ဆိုတာ မဖြစ်နိုင်ပေမယ့်လည်း မာလီနိုင်ငံကအမျိုးသမီးတစ်ဦးကတော့ ကလေး ၉ မြွှာပူးကို တစ်ရက်တည်းနဲ့ အောင်မြင်စွာမွေးဖွားပြီး ကလေးငယ် ၉ ဦးစလုံး အသက်ရှင်သန်ခဲ့တဲ့အတွက် ကမ္ဘာ့ဂင်းနစ် စံချိန် စိုက်ထူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုမျိုး ကလေး ၉ မြွှာပူးကို အောင်မြင်စွာမွေးဖွားပြီး ကလေးအားလုံးကို အသက်ရှင်ခဲ့တာက ကမ္ဘာမှာ ပထမဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။

မာလီနိုင်ငံက အသက် ၂၇ နှစ်အရွယ်ရှိ ဆစ်ဆီအမည်ရှိအမျိုးသမီးဟာ ၂၀၂၁ ခုနှစ် မေလ ၄ ရက်နေ့မှာ ကလေး ၉ မြွှာပူးကို ကိုယ်ဝန် ၈ လနီးပါးနဲ့ မွေးဖွားခဲ့တာဖြစ်ကြောင်းသိရပါတယ်။

ဟာလီမာ ဆစ်ဆီက “မွေးဖွားခဲ့တဲ့ ကလေး ၉ ဦးစလုံးနဲ့အတူ အိပ်ရတာ လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ ကျွန်မဟာ ကလေးတွေကို ပွေ့ဖက်ပြီးအိပ်တယ်။ ကလေးတွေဟာ ပွေ့ဖက်ပြီးအိပ်ရတာကို ကြိုက်နှစ်သက်တယ်။” လို့ ပြောပါတယ်။

ကိုးမြွှာပူးမွေးတဲ့ ဆစ်ဆီဟာ ၂၀၀၉ ခုနှစ်က ကလေး ၈ မြွှာပူးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့တဲ့ အမေရိကန်နိုင်ငံက နက်ယာ ဆူလီမန်အမည်ရှိ အမျိုးသမီးရဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မာလီနိုင်ငံက ဆရာဝန်တွေဟာ ဆစ်ဆီရဲ့ကိုယ်ဝန်ကို ကလေး၇ မြွှာပူးမွေးဖွားမယ်လို့ တွေးထင်ခဲ့ကြောင်း မာလီအစိုးရက ဆစ်ဆီကို မော်ရိုကိုနိုင်ငံရှိ အထူးကုဆေးရုံကိုစေလွှတ်ပြီး မီးဖွားစေခဲ့ရာ လက်တွေ့မွေးဖွားလာချိန်မှာ ထင်ထားသလိုမျိုး ၇ မြွှာပူးမဟုတ်ဘဲ နှစ်ဦးတိုးလာခဲ့ကြောင်း၊ မာလီရဲ့ခင်ပွန်းဖြစ်သူ အက်ဒယ်လ် ကာဒါကပြောပါတယ်။ မွေးဖွားခဲ့တဲ့ ၉မြွှာပူးဟာ ယောကျ်ားလေး ၄ ဦး၊ မိန်းကလေး ၅ ဦးတို့ဖြစ်ပြီး ခွဲစိတ်မွေးဖွားခဲ့ရတာဖြစ်တယ်လို့ ဆရာဝန်တွေကပြောပါတယ်။

မာလီ အမျိုးသမီး ဆစ်ဆီကတော့ ၉ မြွှာပူးကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့သလို မွေးကင်းစကလေးအားလုံးဟာလည်း အသက်ရှင်သန်ခဲ့လို့ ဂင်းနစ်စံချိန် ရယူနိုင်ခဲ့ကြောင်း၊ မွေးဖွားခဲ့တဲ့ ၉ မြွှာပူးစလုံး အသက်ရှင်ခဲ့တဲ့ အဖြစ်အပျက်က ကမ္ဘာမှာပထမဆုံးဖြစ်တယ်လို့ ဂင်းနစ်မှတ်တမ်းတာဝန်ရှိသူများကပြောပါတယ်။

မာလီအမျိုးသမီး မွေးဖွားခဲ့တဲ့ ၉မြွှာပူး ကလေးတွေဟာ မွေးကင်းစအရွယ်တုန်းက ကလေးတစ်ဦးရဲ့ ခန္ဒာကိုယ်အလေးချိန်ဟာ ၁ ဒသမ ၁ ပေါင်နဲ့ ၂ ဒသမ ၂ ပေါင်ကြားသာရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာမွေးဖွားခဲ့တဲ့ ကလေးတွေဟာ အသက် ၁၉ လကျော်ရှိနေပြီး အားလုံး အသက်ရှင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကလေးငယ်တစ်ဦးရဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ အသက်ရှင်နိုင်တဲ့ အရွယ်စား၊ အလေးချိန်မျိုး မဟုတ်ခဲ့ပေမယ့် ကံကောင်းစွာနဲ့ မွေးကင်းစ ကလေးငယ် ၉ ဦးစလုံးအသက်ရှင်ခဲ့တာ အံအားသင့်ဖွယ်ဖြစ်လျက်ရှိနေပါတယ်။

မာလီအမျိုးသမီး ဆစ်ဆီဟာ ကလေး ၉ မြွာပူးကို မွေးဖွားဖို့ မော်ရိုကိုနိုင်ငံမှာ ၁၉ လကြာနေထိုင်ပြီးနောက် လက်ရှိအချိန်မှာတော့ သားသမီး ၉ ဦးစလုံးနဲ့အတူ မာလီနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။

ဆစ်ဆီက” ၉ မြွာပူးစလုံးကို အောင်မြင်စွာမွေးဖွားပြီး အသက်ရှင်သန်အောင် ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ မော်ရိုကိုနိုင်ငံ၊ ကာဆာဘမ်ကာမြို့ရှိ Ain Borja အထူးကုဆေးရုံနဲ့ ဆရာဝန်၊ဆရာမအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ ကလေးငယ်အားလုံးကိုအသက်ရှင်ရက်နဲ့ တစ်ရက်တည်းမှာ အောင်မြင်စွာမွေးဖွားနိုင်ခဲ့လို့ ပျော်ရွှင်မိပါတယ်” လို့ပြောပါတယ်။