ပင်းတယနှင့် ပုန်းတလုတ်ရေကန်သမိုင်းကြောင်း (၂)

နတ်သမီးတွေကလည်း ကြောက်လန့်ပြီး ဂူပေါက်ဝကို ဖွင့်ပေးရန် တောင်းပန်ပြီး ကယ်တင်ပေးမည်ဆိုပါက
အထွေးဆုံး နတ်သမီး ရှင်မိယာကို မင်းသားလေးအား ပေးဆပ်ပါမည်ဟု ကူညီတောင်းပန်ကြတာနဲ့ မင်းသားလေး
လည်း စဉ်းစားလိုက်တယ်။ အရင်ဆုံး ဂူပေါက်ဝဖွင့်နေစဉ် ပင့်ကူလက်ချက်နဲ့ သေဆုံးနိုင်တဲ့အတွက် ပင့်ကူကို
ရှာဖွေပြီး သတ်နိုင်ရန် မြောက်ဘက်မှာရှိတဲ့ အခြားဂူပေါက်များကို သွားရောက်ရှာဖွေစဉ် အလယ်ဂူမှာ ရန်သူတော်
ပင့်ကူကြီးနဲ့ ထိပ်တိုက် ပက်ပင်းတွေ့ဆုံပါတော့တယ်။ ရန်သူတော် ပင့်ကူကြီးဟာ အင်မတန် ကြီးမားပြီး ကျောက်တုံး
ကျောက်စိုင်များ နဲ့ ပစ်ခတ်ကာ မင်းသားလေးကိုအငြိုးနဲ့စတင် တိုက်ခိုက်ပါတော့တယ်။
ပင့်ကူကြီးဟာ ကြီးမားသော ကျောက် တုံးကြီးများကို ပစ်ခွဲပြပြီး မင်းသားကို တိုက်ခိုက်ပါတယ်။
မင်းသားလေးဟာ ပါလာတဲ့ လေးကိုထုတ်ပြီး မြားနဲ့ ပစ်ခွင်းလိုက်စဉ် လျှပ်စီးရဲ့ လျင်မြန်ခြင်းမျိုးနဲ့ ပဲ့တင်ထပ်ပြီး
ပင့်ကူကြီးရဲ့ နားရင်းမှာ စိုက်ဝင်ကာ မသေခင်မှာ နောင်ဘဝများမှာ ဘီလူးကြီးဘဝနဲ့ ထိုမင်းသား သွားလေရာမှာ
နှိပ်စက်နိုင်သူ ဖြစ်ပါစေဆိုပြီး ကျိန်ဆို၍ ပင့်ကူကြီး သေပွဲဝင်ရှာပါတယ်။ မင်းသားလေးဟာလည်း “ပင့်ကူရပြီ။
ပင့်ကူရပြီ” ဆိုကာ သုံးကြိမ်တိုင်တိုင် လက်ခမောင်းခတ်ကာ ကြုံးဝါးပါတော့တယ်။
အဲဒီလို မင်းသားလေးဟာ ပင့်ကူရပြီဟု ကြွေးကြော်ခဲ့သည်ကို အစွဲပြုပြီး ပင့်ကူရမှ ပင်းတယဟု မြို့အမည်တွင်
လာရခြင်းဖြစ်ကြောင်း ဆိုရိုးရှိပါတယ်။ မင်းသားလေးဟာ နတ်သမီး ခုနစ်ဖော် တို့ကို ပြန်လည်
ကယ်တင်လိုက်ချိန်မှာ နတ်သမီး ခုနစ်ဖော်ကလည်း ကတိအတိုင်း အထွေးဆုံး ရှင်မိယာကို မင်းသားလေး
နှစ်သက်ပါက ယူဆောင်သွားပါဟုပြောပြီး ငွေတောင်ပြည်ကို ပြန်သွားကြပါတယ်။
မင်းသားလေး ကုမ္မာဘယနဲ့ ရှင်မိယာဟာ ကြီးစွာသော ညောင်ပင်အောက်မှာ အိပ်ရင်း ရန်သူတော်
ဘီလူးကြီးဟာ လက်နက်မှာ ကြိုတင်သိမ်းဆည်းပြီး သံကွန်ချာဖြင့် အုပ်ထားလိုက်ပါတယ်။
ထိုသို့ မင်းသားလေး မှောင်မိုက်စွာ နေရသောအရပ်ကို ယခုအခါ တမဲကျေးရွာ ဟု ခေါ်ဆိုပြီး
တောင်ရိုးလူမျိုးများ နေထိုင်ကြကာ သီဟိုဠ်နိုင်ငံမှ ပင့်ဆောင်လာတဲ့ ပဥ္စလောဟာနဲ့ ဆင်စွယ်ယပ်တောင်ဟာ
ယနေ့တိုင်ရှိနေပါတယ်။
မင်းသားလေးဟာ နဂါးမင်းထံ အကူအညီတောင်းပြီး လက်နက်များကို ပြန်လည် ယူဆောင်စေရာ နဂါးမင်းကလည်း
အနားကပ်ပြောလိုက်ဘိသကဲ့သို့ ရောက်ရှိလာပြီး လက်နက်များကို ပြန်လည်ရှာဖွေ ဆက်သစေပါတယ်။
မင်းသားလေးက လက်နက်များကို ဘယ်က ယူလာခဲ့သနည်းမေးရာ ထိုအရပ်ကို ပြောပြချိန် အင်မတန်ဝေးလှသဖြင့်
“အလွန်ဝေးလှပါတ ကား”ဟု ရေရွတ်သောအရပ်ကို ယခုအခါ ပွေးလှဟု ခေါ်တွင်သော ကျေးရွာ ဖြစ်လာပါတယ်။
မင်းသားနဲ့ ဘီလူးကြီးတို့ဟာ အပြင်းအထန် တိုက်ခိုက်ကြပြီးချိန်မှာတော့ မင်းသားဟာ သေငယ်ဇောနဲ့ မျောပြီး
ဘီလူးကြီးက မင်းသားလက်ချက်နဲ့ ချက်ချင်းသေဆုံးကာ ထိုနေရာမှာပင် ဥပပတ်ပဋိသန္ဓေဖြင့် ဇော်ဂျီ ဖြစ်လာတယ်။
ဇော်ဂျီဟာ မင်းသားကို တကယ်သေပြီ မှတ်ပြီး ရှင်မိယာလက်ကိုဆွဲပြီး ပင်းတယမြောက် ရေထွက်ဦးအနီးရှိ
တောင်ကုန်းလေးမှာ ခေတ္တထိုင် နားကြပါတယ်။ အဲဒီနေရာမှာ ရှင်မိယာဟာ ဇော်ဂျီကို ဥပယ်တံမျဉ်ပြုပြီး
သတ်ပစ်လိုက်တဲ့အတွက် ဇော်ဂျီရေထွက်နဲ့ ရှင်မိယာကုန်းအဖြစ် ယနေ့တိုင် ရှိပါတယ်။
မင်းသားလေး အလောင်းကို တွေ့ရချိန်မှာ ရှင်မိယာဟာ ငိုကြွေးတမ်းတချိန် သိကြားမင်းက မင်းသားလေးကို
ပြန်လည်အသက်သွင်းခဲ့ပြီး ဗာရာပြည်ကြီးမှာ အိမ်ရှေ့မင်းအရာ ထီးနန်းစိုးစံပါတယ်။
ရှင်မိယာ ရောက်လာချိန်မှစပြီး တိုင်းသူပြည်သားတွေ အနာရောဂါ ကင်းဝေးတာကို မလိုလားတဲ့ သမားတော်ကြီးများ
က ပရောဟိတ်များနဲ့ ပူး ပေါင်း၍ အကောက်ကြံပါတယ်။ ဘုရင့်ကို ကုန်းချောစကား ပြောတဲ့အတွက် မင်းသားလေး
ကို နယ်ခြားရှိ သူပုန်များ တိုက်ခိုက်ရန် စေလွှတ်လိုက်ချိန် ရှင်မိယာကို သတ်ပြီး လည်ချောင်းသွေးနဲ့ ယာဇ်ပူဇော်ဖို့
လုပ်တာကို နတ်မျက်စိ၊ နတ်နားတို့ဖြင့် ကြားသိရသော ရှင်မိယာဟာ ငွေတောင်ပြည်ကို ပျံတက်သွားပါတယ်။
မင်းသားလေးဟာလည်း နယ်ခြားမှာ ဘာမှမတွေ့တဲ့အတွက် ရိပ်မိပြီး ပြန်လာချိန် အကြောင်းစုံသိကာ စိတ်တော်
မကွက်ဘဲ ငွေတောင်ပြည်ကို လိုက်ပါခဲ့ရာ လမ်းခုလတ်မှာ ရှင်ရသေ့နဲ့တွေ့ပြီး ရှင်မိယာ ပေးခဲ့တဲ့ လက်စွပ်ကို
ရရှိပါတယ်။ ကြီးစွာသော မြစ်ကြီးကို ကူးဖြတ်ဖို့ ငှက်ဆင်ပျံများကို စီးပြီး တစ်ဖက် ငွေတောင်ပြည်ကို ရောက်ချိန်
လူသူအနံ့အသက်များ ဆေးကြောရန် နတ် သမီးလေးများ နတ်ရေကန်မှာ ရေခပ်ဆင်းချိန်ဆုံပြီး မင်းသားလေး
အဓိဋ္ဌာန်တာကြောင့် နောက်ဆုံး နတ်သမီးလေး ရေအိုးမပင့်နိုင်ဘဲ မင်းသားလေး ပင့်ပေးလိုက်ချိန်မှာ
လက်စွပ်လေးကို ထည့်လိုက်ပါတယ်။ ရှင်မိယာ နောက်ဆုံး ရေအိုးနဲ့ ရေချိုးချိန်မှာ မင်းသားလေး ထည့်ပေးလိုက်တဲ့
လက်စွပ်နဲ့ စွပ်မိပြီး မင်းသားလေး လိုက်လာတာ သိလိုက်တဲ့အတွက် ဖခမည်းတော်မင်းကြီးထံ လျှောက်တင်လိုက်
ပါတယ်။ မင်းကြီးကလည်း သမက်တော်အစွမ်းအစ သိလိုတဲ့အတွက် တင်းတိမ်အတွင်းမှာ ရှိနေတဲ့ နတ်သမီး
ခုနစ်ဖော်ကို လက်ညှိုးပဲ ထုတ်ထားပြီး ရွေးစေပါတယ်။
သိကြားမင်းကတစ်ဆင့် မာတလိနတ်သား အကူအညီနဲ့ ရွှေယင်ကောင်လေးအဖြစ် မင်းသားလေးနဲ့ မင်းသမီးလေး
လက်ညှိုးကို ကူးလူးပြီး ဆက်သွယ်ပြလို့ မှန်ကန်စွာ ရွေးချိန်မှာ မင်းကြီးကလည်း သမက်တော်ဟာ ဘုန်းတန်ခိုးနဲ့
ပြည့်စုံသူ ဖြစ်တယ်လို့ ဆိုပြီး လက်ထပ်ပေးလိုက်ပါတယ်။
ကုမ္မာဘယ မင်းသားလေးနဲ့ ရှင်မိယာ တို့ဟာ ငွေတောင်ပြည်မှာ နန်းစံပြီးချိန် အကြည်အသာ ခွင့်ပန်ပြီး ဗာရာပြည်ကို
ပြန်လာခဲ့ကာ နတ်ရွာစံသွားပြီ ဖြစ်သော အရိုက်အရာကို ဆက်ခံကာ အုပ်ချုပ်မင်းလုပ်တော် မူပါတယ်တဲ့။