မိမိစိတ်ကို ထိန်းသိမ်းနည်း ။════════════════

လောကမှာ လူတွေဟာ
အချင်းချင်း ဆက်ဆံနေကြတဲ့အခါမှာ…

မဟုတ်မမှန်တာတွေ ပြောတာတွေ
ရိုင်းရိုင်းပြပြ ပြောတာတွေ
ကျိုးကြောင်းစီလျော်မှုမရှိဘဲ
ပြောတာတွေ ကြုံတွေ့နိုင်တယ်။

အဲလိုစကားတွေ ကြားလာခဲ့ရင်
မြတ်စွာဘုရားက ကျင့်စဉ်လေး
ပေးထားတယ်။

“န စေဝ မေ စိတ္တံ ဝိပရိဏတံ
ဘဝိဿတိ” –

ငါ့စိတ်က
အပြောင်းအလဲ မဖြစ်စေရဘူးလို့
အဲဒီလို စိတ်မဆိုးနဲ့တဲ့။

ပင်ကိုယ်စိတ်ကလေးက
ရုပ်ပျက်ဆင်းပျက် ဖြစ်မသွားစေနဲ့။

ဒေါသစိတ် မဖြစ်ပေါ်နဲ့။
စိတ်ဓါတ် မပြောင်းလဲသွားစေနဲ့တဲ့။

အပြောမခံရခင်က စိတ်ကတစ်မျိုး၊
အပြောခံရတဲ့အခါမှာ စိတ်ကတစ်မျိုး
အဲဒီလိုမျိုး ပြောင်းလဲမသွားစေနဲ့တဲ့။

အပြောမခံလိုက်ရခင်က စိတ်မျိုးကို
ထိန်းထားပါတဲ့။

မျက်နှာကြော တင်းသွားတာတို့၊
ဒေါသနဲ့ ပြန်ပြောမိတာတို့
ဖြစ်တတ်ပါတယ်။ အဲဒီလို
စိတ်ပြောင်းလဲမသွားအောင် ထိန်းပါတဲ့။

တရားကျင့်တယ် ဆိုတာလဲ ဒါပါပဲ။
တရားကျင့်တယ် ဆိုတာ အများက
တင်ပလ္လင်ခွေ ထိုင်ပြီး
မျက်စိကို စုံမှိတ်ထားတာ
အဲဒီလိုမျိုး ထိုင်မှ တရားကျင့်တယ်၊
တရားအားထုတ်တယ်လို့ ထင်တယ်။

အဲဒီလိုကျင့်တာက သမာဓိရအောင်
ကျင့်တာလို့ ခေါ်တယ်။

ကိုယ့်စိတ်ကလေးကို
ပြောင်းလဲသွားတာမျိုး မဖြစ်အောင်
ထိန်းနိုင်တာကိုလည်း
တရားကျင့်တယ်လို့ သတ်မှတ်နိုင်တယ်။

ဒါကြောင့် စိတ်ဆုံးဖြတ်ချက် ချပြီးတော့
စိတ်ကလေးကို ထိန်းသိမ်းမယ်လို့
သန္နိဋ္ဌာန် ချထားလိုက်ပါ။


စိတ်ကလေးကို မထိန်းနိုင်လို့
ပြောင်းသွားပြီဆိုရင်
ထပ်ပြီး ထိန်းလိုက်ရမှာက –

မကောင်းတဲ့ စကားနဲ့ မတုန့်ပြန်နဲ့။
ရိုင်းရိုင်းစိုင်းစိုင်း မတုန့်ပြန်နဲ့တဲ့။
မကြားဝံ့ မနာသာ စကားမျိုးတွေ
မထွက်ပါစေနဲ့တဲ့။

၁။ စိတ်မဆိုးမိအောင် ထိန်းလိုက်ပါ။
၂။ တကယ်လို့ စိတ်မထိန်းနိုင်လို့
ဒေါသဖြစ်မိရင်လဲ မကြားဝံ့ မနာသာ
စကားတွေနဲ့ မတုန့်ပြန်လိုက်ပါနဲ့တဲ့။

လူတွေက ကိုယ့်ကိုလာပြီးဆဲရင်
ပြန်ပြီး ဆဲတတ်ကြတယ်။ ဒါကြောင့်
ယုတ်ယုတ်မာမာ စကားလုံးတွေနဲ့
ပြန်မပြောပါနဲ့လို့ ပြောတာ။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။
ထပ်ပြီး မျိုသိပ်နိုင်တဲ့အဆင့်ထိ
ပြောတယ်။

တချို့က ပြောတယ်၊ မျိုသိပ်ရတာ များရင်
ပေါက်ကွဲကုန်မယ်တဲ့။
တနည်းအားဖြင့် သည်းခံတယ်ဆိုတာ
အတိုင်းအတာ ရှိတယ်။
ဒါကြောင့် မပေါက်ကွဲအောင်
ဘယ်လိုလုပ်ရမလဲ?

၃။ အဲဒီစကားလာပြောတဲ့ ပုဂ္ဂိုလ်ရဲ့
ကောင်းကျိုးကို လိုလားတဲ့
စိတ်ကလေး မွေးလိုက်ပါတဲ့။
ဒေါသစိတ်နဲ့ မတုံ့ပြန်ပဲ နေလိုက်ပါ၊
စိတ်ဓါတ်ကို ပြောင်းလိုက်တာနော်။

၄။ ဒီလိုပြောတဲ့ ပုဂ္ဂိုလ်ရဲ့အကျိုးကို
လိုလားတဲ့စိတ်နဲ့ မေတ္တာပို့ပေးပါ။
ဒီလိုမှမဟုတ်ရင်…
ပေါက်ကွဲသွားနိုင်တာကိုး။

ဒါကြောင့် မြတ်စွာဘုရားရှင်က
ကိုယ့်ကို ဒီလိုမျိုး ဆက်ဆံလာလို့ရှိရင်…

ပထမ- ပြောလာတဲ့သူကို
စိတ်မဆိုးမိအောင် စိတ်ကို ထိန်းလိုက်ပါ။

ဒုတိယ- ကမ်းတမ်းတဲ့ စကားတွေနဲ့
မတုံ့ပြန်ပါနဲ့။

တတိယ- အကျိုးလိုလားတဲ့ စိတ်ကလေး
မေတ္တာစိတ်ကို မွေးလိုက်ပါတဲ့။
🙏🙏🙏🙏🙏