တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြစ်ကြီးနားတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများနှင့်ဇနီး များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် တာဝန်ရှိသူ များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မြစ်ကြီးနား တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ဗလမင်းထင်ခန်းမ၌ တွေ့ဆုံ အမှာ စကား ပြောကြားသည်။

 
နိုင်ငံ့သမိုင်းကြောင်း ဖြတ်သန်းခဲ့မှုနှင့် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ

 
ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် နိုင်ငံ့သမိုင်းကြောင်းကို ပြန်ကြည့် မည်ဆိုပါက တိုင်းရင်းသားများ စုပေါင်းနေထိုင်လျက်ရှိသည့် မိမိတို့၏ ပြည်ထောင်စု နိုင်ငံတော်ကြီးအား နယ်ချဲ့အင်္ဂလိပ်တို့မှ သိမ်းပိုက်ခဲ့ပြီး တောင်တန်းပြည်မ သွေးခွဲ အုပ်ချုပ်ခဲ့မှုများကြောင့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ ပေါ်ပေါက်ခဲ့ရ သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အုပ်ချုပ်မှုပုံစံအမျိုးမျိုးဖြင့် ခွဲခြား အုပ်ချုပ်ခဲ့ချိန်မှစ၍ မိမိတို့ပြည်ထောင်စုတိုင်းရင်းသားတို့၏ စိတ်အတွင်း၌ တိုင်းရင်း သား နယ်မြေများသည် ပြည်မမှ သီးခြားဖြစ်သည်ဟူသည့် အယူအဆများ ပေါ်ပေါက် လာခဲ့ကြောင်း၊ တိုင်းပြည်ကို ယခုအချိန်အထိ အန္တရာယ်ပေးခဲ့သည့် အချက်တစ်ချက် လည်း ဖြစ်ကြောင်း၊ ယခုနှစ်သည် မိမိတို့နိုင်ငံ၏ စိန်ရတု ပြည်ထောင်စုနှစ်ဖြစ်ပြီး လာမည့်နှစ်တွင် စိန်ရတုလွတ်လပ်ရေးနှစ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ စိန်ရတု ကာလသို့ ရောက်ရှိပြီဖြစ်သော်လည်း မိမိတို့နိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများရှိနေ ဆဲဖြစ်ကာ ငြိမ်းချမ်းမှု အပြည့်အဝ မရရှိသေးသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။

 
အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် မိမိနိုင်ငံ၏ နိုင်ငံရေးသမိုင်းကြောင်းကို မှန်မှန်ကန်ကန်သိရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ သမိုင်းကြောင်းကို လေ့လာကြည့် မည်ဆိုပါက ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးကာလတွင် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ လွတ်လပ်ရေး မရမီကာလနှင့် လွတ်လပ်ရေးရပြီးကာလတွင် ဆိုရှယ်လစ်စနစ်နှင့် အရင်းရှင်စနစ်တို့၏ အားပြိုင်ခဲ့မှု၊ အယူဝါဒကွဲပြားမှုများရှိခဲ့ ကြောင်း၊ ၁၉၄၈ မတ်လတွင် ကွန်မြူနစ်ပါတီ တောခိုခဲ့ကြောင်း၊ ထို့နောက် KNDO ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်လာခဲ့ကြောင်း၊ ၁၉၅၀ ပြည့်နှစ် ခန့်တွင် တရုတ်ဖြူတို့ ကျူးကျော်ခဲ့သဖြင့် တပ်မတော်က ပြန်လည်တိုက်ထုတ်ခဲ့ရ ကြောင်း၊ ထို့ပြင် ကိုလိုနီအစိုးရ၏ သွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် ဖြစ်ပေါ်လာသည့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ၊ အာဏာရပါတီတွင်း ပြဿနာများပေါ်ပေါက် လာခဲ့ပြီး ထိုစဉ်က ကမ္ဘာ၌ လက်နက်ကိုင်အဖွဲ့အစည်းအများဆုံး တိုင်းပြည်ဖြစ်ခဲ့ ကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အတူတကွ ယှဉ်တွဲ နေထိုင်နေသည့် ပြည်ထောင်စုကြီး မပြိုကွဲစေရေးအတွက် နိုင်ငံနှင့် အဝန်း ထိန်းသိမ်း ဆောင်ရွက်ခဲ့ရကြောင်း။

 
လက်နက်ကိုင်ဆူပူမှုများအကြား ပြည်ထောင်စုကြီး မပြိုကွဲစေရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်မှ ထိန်းသိမ်းဆောင်ရွက်ခဲ့ရ

 ထို့ကဲ့သို့ နိုင်ငံရေးပြဿနာများ၊ လက်နက်ကိုင် ပဋိပက္ခများနှင့် ပါတီတွင်း သဘောထားကွဲလွဲမှုများဖြစ်ပေါ်လာခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရ တက်လာ ခဲ့ကြောင်း၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ တော်လှန်ရေးကောင်စီနှင့် မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီတို့က အုပ်ချုပ်ဆောင်ရွက်ခဲ့ကြောင်း၊ အစိုးရအနေဖြင့် ဆိုရှယ်လစ် စနစ်ကို တည်ဆောက်ရာ၌ နိုင်ငံရေးသမားများ၊ ဆိုရှယ်လစ်စနစ်ကိုထောက်ခံသည့် ပြည်သူလူထုတို့ဖြင့်ပူးပေါင်း၍ လမ်းစဉ်ပါတီကို တည်ထောင်ကာ ၁၉၈၈ ခုနှစ်ထိ လျှောက်လှမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုရှယ်လစ်စနစ်တွင် အားနည်းချက်များရှိသကဲ့သို့ အားသာချက်များလည်း များစွာရှိကြောင်း၊ ဆိုရှယ်လစ် စနစ်၏ အားနည်းချက်၊ စီမံ ခန့်ခွဲမှု အားနည်းချက် တို့ကြောင့် စီးပွားရေး ကျဆင်းခဲ့ကာ ၁၉၈၈ ခုနှစ် အရေးအခင်း ဖြစ်ပေါ်လာခဲ့ကြောင်း၊ ၎င်းအရေးအခင်း၌ တိုင်းပြည်၏ အခြေအနေယိမ်းယိုင်လာခဲ့ပြီး အချုပ်အခြာအာဏာပြိုကွဲမည့် အခြေအနေနှင့် ရင်ဆိုင်လာခဲ့ရပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် တည်ဆဲအစိုးရ၏ လုပ်ငန်းများ ရပ်တန့်ခဲ့သဖြင့် တပ်မတော်က ဝင်ရောက်ထိန်းသိမ်း တာဝန်ယူဆောင်ရွက်ခဲ့ရကြောင်း။
၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် အာဏာရပါတီအနေဖြင့် မဲအနိုင်ရရှိရေး မသမာသည့်နည်းလမ်း များဖြင့် ဆောင်ရွက်ခဲ့ပြီး မဲမသမာမှုဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မဲစာရင်းကွဲလွဲမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် တပ်မတော်မှ ပြောကြားခဲ့သော် လည်း ဆောင်ရွက်ပေးခြင်းမရှိဘဲ လွှတ်တော်ခေါ်ယူရန်အထိပင် ဖြစ်လာသဖြင့် တပ်မတော်မှ နိုင်ငံတော်၏ တာဝန်များကို အခြေခံဥပဒေနှင့်အညီ ဝင်ရောက် ထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော် လျှောက်လှမ်းနေသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်မာရေးအတွက် လုပ်ဆောင် နေခြင်းဖြစ်ပြီး ထိုလမ်းကြောင်းပေါ်မှ သွေဖယ်စေမည် မဟုတ်ကြောင်း၊ ထို့ကြောင့် တိုင်းပြည်တည်ငြိမ်ရေးကို ဆောင်ရွက်ရာတွင် ဥပဒေနှင့် အညီသာ ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်နေကြောင်း။

 
စုစည်းညီညွတ်သည့်အားဖြင့် နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားကို မြှင့်တင် ဆောင်ရွက်

 မိသားစု တစ်စု၊ တပ်ရင်း၊ တပ်ဖွဲ့များအလိုက်စသည်ဖြင့် အခြေခံမှစ၍ စည်းလုံး ညီညွတ်ပြီး တပ်မတော်တစ်ရပ်လုံး စည်းလုံးညီညွတ်မည်ဆိုပါက မည်သူမျှ တပ်မ တော်ကို ထိပါး၍ရမည်မဟုတ်ကြောင်း၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိ မည်ဖြစ်ပြီး တပ်တွင်းစည်းလုံးညီညွတ်မှုကို ခိုင်ခိုင်မာမာဖြင့်တည်ဆောက်နိုင်မှ သာလျင် နိုင်ငံတည်တံ့ခိုင်မြဲရေးအတွက်လည်း စိတ်ချနိုင်မည်ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် ပြည်သူများနှင့်လက်တွဲပြီး ဒို့တာဝန်အရေးသုံးပါးကို ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း၊ မည်သည့်အစိုးရ၊ မည်သည့်ခေတ်ပင်ဖြစ်စေ တပ်မတော်အနေဖြင့် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်သူ Guardian အနေဖြင့် တည်ရှိနေမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် စွမ်းရည်၊ စွမ်းအား မြင့်မားပြီး ကာကွယ်ရေးစွမ်းပကားမြင့်မားနေမှသာလျင် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်သူ အဖြစ်တည်ရှိနေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်သည်တစ်ဦးချင်းမှစ၍ စွမ်းရည် မြင့်မားရေး၊ လက်နက်စွမ်းပကားမြင့်မားရေးကို တည်ဆောက်ပေးနေခြင်းဖြစ်ပြီး စည်းလုံးခြင်းအင်အား၊ စုစည်းညီညွတ်သည့်အားကိုတည်ဆောက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံအနေဖြင့်လည်း အလားတူပင်ဖြစ်ကြောင်း၊ နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ သဘောထားကွဲလွဲမှုများရှိနေခြင်းကြောင့် စုစည်းညီညွတ်သည့် အင်အားတစ်ခု ရရှိရေး အတွက် ရည်မှန်းချက်နှစ်ခုပေး၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းရည်မှန်းချက် နှစ်ခု အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းရည်မှန်းချက်နှစ်ခုအပေါ်မူတည်၍တိုင်းပြည် စည်းလုံးညီညွတ်မှုရရှိအောင် မိမိတို့အနေဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်အတွက် မှန်ကန်သည့် စုစည်းညီညွတ်သည့်အားတစ်ခု မဖြစ်မနေ လိုအပ် သည့်အတွက် သင်ခန်းစာရယူနိုင်ရန် ယခုကဲ့သို့ နိုင်ငံ့သမိုင်းကြောင်း ဖြတ်သန်းခဲ့မှု အခြေအနေများနှင့်တကွ အကျယ်တဝင့် ရှင်းလင်းပြောကြားရခြင်းဖြစ်ကြောင်း။

 
ထို့ပြင် ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သဖြင့် နောက်ကျ ကျန်ရစ်၍ ရနိုင် မည် မဟုတ်ကြောင်း၊ အသိပညာမြင့်မားစေရေးအတွက် မိမိကိုယ်တိုင် စာပေ လေ့လာ မှုသာမက မိမိတို့၏ သားသမီးများကိုလည်း စာပေ၊ ဗဟုသုတ မြင့်မားအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ဖတ်ရှု၊ မှတ်သား၊ လေ့လာ ခြင်းဖြင့် အသိပညာမြင့်မားအောင် ကြိုးစားရမည်ဖြစ်ပြီး အသိပညာ မြင့်မားမှသာလျင် ဒီမို ကရေစီစနစ်နှင့် တိုင်းပြည်၏ အနာဂတ်ကိုလည်း အာမခံနိုင်မည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

 
စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်

 
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးက လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ် မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီးကလည်းကောင်း အသီးသီး လက်ခံရယူကြသည်။

 
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား တိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ တိုင်းမှူးက တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တပ်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လုံခြုံရေး၊ နယ်မြေစိုးမိုးရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များ ထမ်းဆောင်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 
ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေ စိုးမိုးရေးနှင့် တပ်တွင်းစည်းလုံးညီညွတ်ရေးတို့နှင့် ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။