G-7 အဖွဲ့က ရုရှား၏ရေနံဈေးနှုန်းအပေါ်ပုံသေသတ်မှတ်ခြင်းကို အိန္ဒိယ မထောက်ခံမှု ရုရှားကြိုဆို

ခုနစ်ပြည်ထောင်အဖွဲ့ဖြစ်သော G-7 အဖွဲ့က ရုရှားနိုင်ငံထွက်ရေနံများ၏ဈေးနှုန်း အပေါ် ပုံသေသတ်မှတ်မှုကို အိန္ဒိယနိုင်ငံက မထောက်ခံကြောင်း သိရသည်။

ထိုကဲ့သို့သော G-7 အဖွဲ့၏ဆုံးဖြတ်ချက်အပေါ် အိန္ဒိယနိုင်ငံကမထောက်ခံမှုကို ရုရှားအစိုးရကကြိုဆိုကြောင်း ရုရှားဒုတိယဝန်ကြီးချုပ် အလက်ဇန်းဒါးနိုဗက်က ၎င်း နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးနှင့် တွေ့ဆုံစဉ်ပြောသည်။

ထို့ပြင် ရုရှားနိုင်ငံအနေဖြင့် စွမ်းအင်အရင်းအမြစ်များထောက်ပံ့ပေးရေးအတွက် စာချုပ်ပါ သဘောတူညီချက်များအတိုင်း တာဝန်သိစွာဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်က အလေးပေးပြောသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် ပထမရှစ်လအတွင်း ရုရှားနိုင်ငံက အိန္ဒိယနိုင်ငံသို့ ရေနံတင်ပို့မှု ပမာဏသည် တန်ချိန် ၁၆ ဒသမ ၃၅ သန်း အထိ မြင့်တက်လာကြောင်းနှင့် လက်ရှိတွင်လည်း အိန္ဒိယနိုင်ငံက ရုရှားမှရေနံများကို တိုးမြှင့်ဝယ်ယူလျက်ရှိကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကိုတွေ့ရသည်။

အလားတူ G-7 အဖွဲ့က ရေနံဈေးနှုန်းပုံသေသတ်မှတ်မှုကြောင့် ရေနံသယ်ယူ ပို့ဆောင်ရာတွင် ရေနံတင်သင်္ဘောများ၏ အာမခံကြေးကန့်သတ်ချက်များနှင့် သင်္ဘောငှားရမ်းမှု အခက်အခဲများကို ကျော်လွှားနိုင်ရေးအတွက် ရုရှားနိုင်ငံက ရေနံတန်ချိန်အများအပြား တင်ဆောင်နိုင်သောသင်္ဘောများ ငှားရမ်းပေးနိုင်ရန်နှင့်တည်ဆောက်ပေးနိုင်ရန် အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကမ်းလှမ်းထားသည်။

ရုရှား၏ ရေနံများအပေါ် ပုံသေဈေးနှုန်း သတ်မှတ်မှုသည် ကမ္ဘာ့ရေနံဈေးကွက်ပျက်စေမည့် လုပ်ဆောင်ချက် ဖြစ်ကာ ထောက်ပံ့ရေးကွင်းဆက်ကို ပျက်စီးစေပြီး ကမ္ဘာ့စွမ်းအင်ဈေးကွက်တွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း ရုရှားဒုတိယဝန်ကြီးချုပ်က ပြောထားသည်။      

Ref: ANC

နိုင်ငံတကာသတင်း