ဆောင်းရာသီတွင်ပေါများသော ငါးပုတ်သင်ငါး၏ ကျန်းမာရေးကောင်းကျိုးများ

ငါးပုတ်သင်ငါးကို လူတော်တော်များများသိကြသော်လည်း ငါးပုတ်သင်ငါး၏ ကျန်းမာရေး ကောင်းကျိုးများ
ကိုတော့ သိသူနည်းလှသဖြင့် ဗဟုသုတရရှိစေရန် ဖော်ပြပေးလိုက်ပါသည်။
ငါးပုတ်သင်ငါးကို ဆောင်းရာသီကာလ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲလများတွင် အများဆုံး
ရမိကြသည်ဟု ငါးဖမ်းရေလုပ်သားများက ပြောကြပါသည်။
ရေအောက်ကြမ်းပြင်နေ(Demersal fish)ဖြစ်သော ငါးပုတ်သင်ငါး(croaker)ကို ရေချိုရေငန်စပ်နှင့်
ရေငန်ပိုင်းတွင် အများဆုံးတွေ့ရလေ့ရှိသည်။ အထူးသဖြင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့်
မုတ္တမပင်လယ်ကွေ့တို့တွင် ငါးပုတ်သင်ငါးကို ပိုမိုတွေ့ရတတ်ပါသည်။
ငါးပုတ်သင်ငါး၏ ပုံသဏ္ဌာန်
ငါးပုတ်သင်ဟုခေါ်ရခြင်းမှာ ထိုငါး၏ဦးခေါင်းသည် ပုတ်သင်ညို၏ဦးခေါင်းနှင့် တူသောကြောင့်
ဖြစ်သည်ဟု ဆိုပါသည်။ အချို့ဒေသတွင်တော့ ငါးပြက်ဟုလည်း ခေါ်ကြသည်။
အရောင်အဆင်းမှာ အဖြူရောင်ဖျော့ဖျော့ရှိပြီး အကြေးခွံသည် ပါးလွှာ၏။အောက်ဘက်ရှိမေးရိုးသည်
အထက်မေးရိုးထက် အနည်းငယ်ရှည်သည်။ ကိုယ်လုံးမှာမူ ငါး၏ကိုယ်လုံးကဲ့သို့ ဖြစ်သည်။
ကျောရိုးဆူးတောင်သည် အမြီးတိုင်အောင် ရှိသည်။အမြီးခွ မရှိဘဲ အမြီးချွန်သည်။
ရေယက်နှင့် စအိုဆူးတောင်လည်း ပါရှိသည်။
ငါးပုတ်သင်၏ အရသာနှင့်ဂုဏ်သတ္တိ
သားငါးကျေးငှက်အဘိဓာန်အဆိုအရ ငါးပုတ်သင်၏ အရသာနှင့်ဂုဏ်သတ္တိမှာ ငါးပုတ်သင်သည်
ဖန်သောအရသာရှိသည်။ ကြေလွယ်သည်။ ဝမ်းခိုင်စေသည်။ အစာမကြေနာ၊ ရင်နာနှင့်
ဘေးထိုးရင်ကျပ်နာတို့ကို နိုင်သည်။
ဥပမာ – ငါးစီဖောင်းနှင့် ဝမ်းပျဉ်းသားတို့သည်လည်း စားသုံးခြင်းဖြင့် အကျိုးများစေသည်ဟုဆိုပါသည်။
ငါးပုတ်သင်စားသုံးခြင်းနှင့် ကျန်းမာရေး
ငါးပုတ်သင်၏ ဦးခေါင်းထဲတွင် ကျောက်ခဲဖြူဖြူလေး ၂ လုံး ပါရှိသည်။ ထိုကျောက်ခဲသည်
ဆေးဖက်ဝင်သည်။ ယင်းကျောက်ခဲကို အမှုန့်ကြိတ်၍ သံပရာရည်ဖြင့် ဖျော်သောက်ပါက ဆီးမသွားနိုင်သော
မုတ္တကျိတ်နာ-မုတ္တကျိတ်ရောဂါကို ပျောက်ကင်းစေသည်ဟု သိရသည်။
ဒါ့အပြင် ငါးပုတ်သင်ကျောက်သည် ဆီးနှင့်သက်ဆိုင်သောရောဂါများကို ပျောက်ကင်းစေသည်။
ဆီးကျိတ်ကြီးသောရောဂါ၊ ဆီးကျိတ်ပိတ်သောရောဂါများအတွက် ငါးပုတ်သင်ကျောက်ကို
သံပရာရည်ဖြင့် စိမ်သောက်ပေးနိုင်သည်။
ငါးပုတ်သင်စားသုံးနည်း
ငါးပုတ်သင်ကို အမျိုးမျိုးပြုလုပ်၍ စားသုံးကြသည်။ ချက်စား၊ ကြော်စား၊ ပေါင်စားသည်က
များသည်။ ငါးပုတ်သင်မှရသော ငါးပုတ်သင်စီဖောင်း(fish maw)မှာ စျေးကောင်းပြီး စီးပွားရေးအရ
အရေးပါလှပါသည်။
ငါးပုတ်သင်ကို အချဉ်တည်၍လည်း စားကြသည်။ ငါးပုတ်သင်ချဉ်သည် ငါးခုံးမချဉ်၊ ငါးဖယ်ချဉ်တို့ထက်
ပို၍အရသာရှိသည်ဟု ဆိုသည်။ မော်လမြိုင်ဘက်တွင် ‘ငါးပြက်ချဉ်ထုပ်’ဟု ခေါ်ဝေါ်ကြပါသည်။
ငါးပုတ်သင်ကို အစိုချက်စားရာတွင် ပေါ့ပြက်သလိုရှိသော်လည်း ငါးခြောက်ပြုလုပ်၍ ကြော်ချက်စားပါက
အရသာထူးလှသည်။ ထို့ပြင် ငါးပုတ်သင်ကို ငါးပိချက်လည်း ချက်စား၍ရသလို အခြားသင့်လျော်သလို
ကြော်ချက်၍လည်း စားသုံးနိုင်ပါသည်။

(အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြသည်)