သွေးစစ်ရုံဖြင့် အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြင်း ရှိ၊ မရှိ သိရှိနိုင်ရန် ပိုမိုနီးကပ်လာ

ရိုးရှင်းလှသောသာမန်သွေးစစ်ရုံမျှဖြင့် အယ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေရှိ၊ မရှိကိုသိရှိနိုင်ရန် ပိုမိုနီးကပ်လာပြီ ဖြစ်ကြောင်း သုတေသနပညာရှင်များကပြောသည်။

သုတေသနပညာရှင်များသည် အယ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို စောစောစီးစီးသိရှိနိုင်စေရန် နည်းလမ်းအသစ် တစ်ခုကို တီထွင်ဖန်တီးပြီးနောက် ယခုကဲ့သို့ထုတ်ပြန်လာခြင်း ဖြစ်သည်။

ယခုနောက်ဆုံး လုပ်ဆောင်သော စမ်းသပ်မှုသည်  အေးမလွိုက်ဘီတာပရိုတိန်းကို အဓိကထားကာ  စမ်းသပ်ခြင်း ဖြစ်သည်။ ထိုပရိုတိန်းသည် ပုံစံမမှန်ဘဲ  ဦးနှောက်အတွင်းသို့ ချဉ်းနင်းဝင်ရောက်သွားသည့် အတွက် အယ်ဇိုင်းမားရောဂါကို ဖြစ်ပွားစေခြင်း ဖြစ်သည်။

ယခင်က   ထိုကဲ့သို့သောပရိုတိန်းကို အလောင်းခွဲစိတ်စစ်ဆေးမှုလုပ်မှသာ တွေ့ရှိရလေ့ရှိသော်လည်း ယခုအခါ သုတေသနပညာရှင်များ တီထွင်ထားသော အဆင့်မြင့်ပုံရိပ်ဖော်စမ်းသပ်မှုများတွင် မြင်တွေ့လာရပြီ ဖြစ်သည်။

သုတေသနပညာရှင်များ၏ ယခုစမ်းသပ်မှုနည်းလမ်းအသစ်သည် အဆိပ်အတောက်ဖြစ်စေသည့် အော်လီဂိုးမားမော်လီကျူးများအရေအတွက်ကို တိုင်းတာခြင်းဖြစ်သည်။ ထိုမော်လီကျူးများက အေးမလွိုက်ဘီတာပရိုတိန်းကို ပုံစံပျက်ယွင်းစေခြင်းဖြစ်သည်ဟု ပညာရှင်များကပြောသည်။

လူနာများအနေဖြင့်   အယ်ဇိုင်းမားရောဂါဖြစ်ပွားမည်ကို စောစောစီးစီး ကြိုတင်သိရှိပါက ကြိုတင်ပြင်ဆင်ချိန် ရရှိနိုင်စေမည်ဖြစ်ကာ နောက်ပိုင်းတွင် အဆိုပါပြင်ဆင်မှုများက  အယ်ဇိုင်းမားလူနာများအတွက် အပြောင်းအလဲ ဖြစ်လာနိုင်ကြောင်း ဝါရှင်တန်တက္ကသိုလ်မှ သုတေသနပညာရှင် ဗေလာရီဒက်ဂတ်က ပြောထားသည်ဟု သိရသည်။

Ref: TST