အင်ဒိုနီးရှားရဲစခန်းတစ်ခု အသေခံဗုံးခွဲတိုက်ခိုက်ခံရ

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းရှိ ရဲစခန်းဝင်းတစ်ခုအတွင်း ဒီဇင်ဘာ ၇ ရက်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၁၀ ဦးရှိကြောင်း သိရသည်။

ဒဏ်ရာရရှိသူ ၁၀ ဦးအနက် ကိုးဦးမှာရဲတပ်ဖွဲ့ဝင်များဖြစ်ပြီး တစ်ဦးမှာအရပ်သားဖြစ်ကာ ရဲတပ်ဖွဲ့ဝင်ကိုးဦးအနက် သုံးဦးက ဒဏ်ရာပြင်းထန်ကြောင်း အမျိုးသားရဲချုပ်လစ်တီယိုဆီဂျစ်ပရာဘိုဝိုက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

အနောက်ဂျာဗား ပြည်နယ် ဘန်ဒေါင်းမြို့ရှိ ရဲစခန်းတစ်ခု၏ ဝင်းတစ်ခု၌ ရဲတပ်ဖွဲ့ဝင်များက နံနက်ပိုင်းတန်းစီနေချိန် ဒေသစံတော်ချိန် နံနက် ၈ နာရီ မိနစ် ၂၀ တွင် အမျိုးသားတစ်ဦးက  ရဲစခန်းအတွင်းဝင်ရောက်ကာ ရဲတပ်ဖွဲ့ဝင်များကို ဓားဖြင့်ချိန်ကြောင်း  ဘန်ဒေါင်းရဲမှူး အက်စဝင်ဆီပါယောင်းကပြောသည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များက အဆိုပါအမျိုးသားကို  လိုက်လံဖမ်းဆီးချိန်တွင် ထိုအမျိုးသားသည် ရဲစခန်း၏ဧည့်ခန်းသို့ ပြေးဝင်သွားပြီး ကိုယ့်ကိုယ်ကိုယ် အသေခံဗုံးခွဲလိုက်ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များက IS စစ်သွေးကြွအဖွဲ့နှင့် ဆက်စပ်နေသော မူဆလင်စစ်သွေးကြွကွန်ရက်တစ်ခုဖြစ်သည့် JAD အဖွဲ့မှအဖွဲ့ဝင်များကို လိုက်လံရှာဖွေ ဖမ်းဆီးလျက်ရှိသည်။

လက်ဗွေရာများနှင့်မျက်နှာပြင် တိုက်ဆိုင်စစ်ဆေးမှုများအရ အသေခံဗုံးခွဲ တိုက်ခိုက်သူသည် ၂၀၁၇ ခုနှစ်တွင် ဘန်ဒေါင်းမြို့ရှိ လူသူရှုပ်ထွေးသောလမ်းပေါ်၌  ဗုံးခွဲတိုက်ခိုက်မှုတစ်ခုတွင် ပါဝင်မှုကြောင့် ထောင်ဒဏ်လေး နှစ်ချမှတ်ခံရကာ ပြီးခဲ့သည့်နှစ်တွင်  လွတ်မြောက်လာသည့် အာဂတ်ဆူဂျက်နိုဖြစ်သည်ဟု  ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။       

Ref: Bangkok Post