ကလေးတွေနားကိုက်ရင် ဘာလုပ်ပေးရမလဲ

နားကိုက်တယ်ဆိုတာ တကယ်ကို ခံစားရခက်တဲ့ ဝေဒနာတစ်ခုပါ။ လူကြီးတွေမှာသာ နားကိုက်တာ
ဖြစ်ခဲပေမယ့် အသက် ၅ နှစ်အောက် ကလေးတွေမှာတော့ နားကိုက်တာ အဖြစ်များတဲ့ အရာတစ်ခုပါ။
ကလေးတွေဆိုတာလည်း ဘယ်လိုခံစားနေရလဲဆိုတာ သေချာ မပြောပြနိုင်တဲ့အတွက် မိဘဖြစ်သူတိုင်း
ကလေးနားကိုက်နေပြီဆို ခြေမကိုင်မိလက်မကိုင်မိဖြစ်တတ်ကြပါတယ်။
နားဘာကြောင့် ကိုက်ရတာလဲ
(၁) နားထဲပိုးဝင်တာ
(၂) နားဖားချေးပိတ်တာ
(၃) နားထဲရေဝင်တာမျိုးနဲ့
(၄) နားအတွင်းပိုင်း ထိခိုက်မိတာမျိုးတွေ
(၅) သွားကိုက်၊ လည်ချောင်းနာတဲ့ အနာတွေက နားဆီပျံ့လာတာကြောင့် နားကိုက်ရတာဖြစ်ပါတယ်။
နားရဲ့ ဘယ်အစိတ်အပိုင်းကို အများဆုံးထိတာလဲ
နားကိုက်တာ အများဆုံးက နားအလယ်ပိုင်းမှာ အဖြစ်များပါတယ်။ နားစည်အလယ်လောက်မှာရှိတဲ့
နားပြွန်ထဲမှာ နားဖားချေးပိတ်နေတာ၊ ရေဝင်သွားတာမျိုးတွေဖြစ်ရင် အပြင်က အသံတွေက နားစည်ဆီကို
ရှင်းရှင်းလင်းလင်းမရောက်နိုင်တာကြောင့် ကိုယ့်ရဲ့ အကြားအာရုံကိုပါထိခိုက်စေပါတယ်။
ကိုယ့်ကလေး နားကိုက်နေပြီဆိုတာ ဘယ်လိုသိနိုင်မလဲ
ဒီအချက်တွေနဲ့ ကိုယ့်ကလေး နားကိုက်တာလားဆိုတာကို သိနိုင်ပါတယ်။
(၁) နားထဲမှာ နားဖားချေးတွေရှိနေမယ်
(၂) ကလေးကလည်း တအားငိုနေမယ်
(၃) နားထဲက ပြည်တွေယိုနေမယ်။
(၄) ဘယ်လို သိပ်သိပ် မအိပ်တော့ဘူး
(၅) ကိုယ်ခေါ်နေလည်း အသံကြားရာကို ကလေး လှည့်မကြည့်တော့ဘူးဆိုရင် သင့်ကလေး နားနဲ့
ပက်သက်ပြီး တစ်ခုခုဖြစ်နေပါပြီ။
နားကိုက်တာ ၊ နားထဲပိုးဝင်တာကြောင့် နောက်ဆက်တွဲအနေနဲ့ ဘာတွေဆက်ဖြစ်နိုင်သလဲ။
(၁) ယာယီ အကြားအာရုံချို့ယွင်းတာ
(၂) ခေါင်းချာချာလည်အောင်မူးနေတာ
(၃) နားအူတာမျိုးတွေ ဆက် ဖြစ်နိုင်ပါတယ်။
ကိုယ့်ကလေး နားကိုက်နေပြီလို့ ယူဆရရင် မိဘတွေဘာလုပ်ပေးရမလဲ။
ကလေးနားဆိုတာ အရမ်းနုတာကြောင့် မိဘတွေအနေနဲ့ နားဖားချေး အိမ်မှာ ကလော်ပေးတာ၊ ကလေးနားထဲ နားဖားချေး
ပျော်ဆေးတွေ ထည့်တာမျိုးတွေ လုံးဝမလုပ်သင့်ပါဘူး။ စေတနာကနေ ဝေဒနာ ပြောင်းသွားနိုင်လို့ပါ။
အကောင်းဆုံးနဲ့ အထိရောက်ဆုံးကတော့ ဆရာဝန်ဆီသွားပြပါ။ ကလေးဆရာဝန်ဆီကို ဖြစ်ဖြစ် ၊ နား၊နှာခေါင်း၊လည်ချောင်း
ဆရာဝန်ဆီကို ဖြစ်ဖြစ် ခေါ်သွားပါ။ ဆရာဝန်တွေဆီမှာ ကိရိယာပစ္စည်းတွေ အစုံအလင်ရှိတဲ့အပြင် သင့်ကလေးဖြစ်နေတဲ့
ပြဿနာကို အကောင်းဆုံး ပြေလည်အောင် ဖြေရှင်းပေးနိုင်မှာပါ။