မြေသြဇာကျွေးနည်းများ

အပင်တွေမှာ လူတွေလိုပဲ အာဟာရဖြည့်စွက်ပေးဖို့လိုအပ်ပါတယ်။ မြေကြီးကစုပ်ယူရတဲ့ တချို့အာဟာရတွေမပြည့်စုံတဲ့အခါ
မြေသြဇာအဖြစ်ဖြည့်စွက်ပေးရပါမယ်နော်။
(၁) ကြဲပက်နည်း
မြေခံမြေသြဇာအဖြစ် သီးနှံပင်မစိုက်ပျိုးမီ မြေပြင်ချိန်တွင် ကြဲပက်ခြင်းနည်းကို အသုံးပြုကြသည်။ မြေသြဇာများကို
စိုက်ခင်းအနှံ ညီညီညာညာ ဖြန်းပက်ကျွေးခြင်းဖြစ်သည်။ အချို့မှာ မျိုးစေ့နဲ့ ရောပက်ပြီး ကျွေးလေ့ရှိသည်။
စပါးခင်းများတွင် မြေခံအဖြစ် ပုလဲဓာတ်မြေသြဇာကို အသုံးမပြုသင့်ပါ။ မြေသြဇာ ကြဲပက်ပြီးပါက ထယ်ထိုး၊
ထွန်မွှေခြင့်ဖြင့် မြေနှင့် မြေသြဇာများ ရောနှောသွားအောင် ပြုလုပ်ပေးရမည်။ သို့သော် မြေသြဇာများ (အထူးသဖြင့်
နွားချေး၊ ကြက်ချေး စသော သဘာဝမြေသြဇာများ) ကို ထယ်ထိုး၊ ထွန်မွှေခါနီးမှ ကြဲပက်ပေးပါက နေ၊ လေ၊
အပူကြောင့် အာဟာရ ဆုံးရှုံးမှုကို လျော့ချနိုင်မည် ဖြစ်ပါသည်။
(၂) အတန်းလိုက် ဖြူးချခြင်း
အပင်ငယ် (သို့) မျိုးစေ့၏ ဘေးဘက်မှ (၁-၃) လက်မခန့် ခွာ၍ မျိုးစေ့အောက် (၁-၂) လက်မအနက်တွင်
ထည့်ပေးသော နည်းဖြစ်သည်။ တစ်ပင်နှင့် တစ်ပင် တန်းကြား ကြဲကြဲဖြင့် အတန်းလိုက်စိုက်သော အပင်များတွင်
ဖော့စဖိတ်နှင့် ပိုတက်ရှ် ထိန်းချုပ်မှု အန္တရာယ် လျော့ပါးရန်နှင့် မြေဆီလွှာညံ့ဖျင်းသော မြေမှာ မြေသြဇာကို
အကျိုးရှိရှိ ထိရောက်စွာ အသုံးပြုသော နည်းဖြစ်သည်။
(၃) အပင်ပေါ် ပက်ဖျန်းခြင်း
အကြောင်းအမျိုးမျိုးကြောင့် မြေခံတွင် မြေသြဇာထည့်သွင်းမှု နည်းသွားသည့်အချိန် သို့မဟုတ် အပင်ဖြစ်ထွန်းလာပြီး
အာဟာရလိုအပ်ချက် လက္ခဏာပြလာသည့်အချိန်မျိုးတွင် မြေသြဇာ ထည့်ပေးရန် လိုအပ်လာပါသည်။ အထူးသဖြင့်
ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် အပင်မြန်မြန်ကြီးထွားစေရန် နွားချေးဆွေး၊ ကြက်ချေးဆွေး၊ နှမ်းဖတ်ပုပ်ရည်များ
ထည့်ပေးရန်လိုအပ်ပါသည်။ အရွက်များဝါလာသည့် လက္ခဏာပြလာပါက ပုလဲမြေသြဇာ ထည့်ပေးရန် လိုအပ်လာ
ပါသည်။ သဲဆန်သော မြေများတွင်လည်း ပိုတက်စီယမ် (ပိုတက်ရှ် ဓာတ်မြေသြဇာ) မြေခံအဖြစ် ထည့်ထားရုံနှင့်
မလုံလောက်ပါ။ ထို့ကြောင့် ပိုတက် ဓာတ်မြေသြဇာများကိုလည်း အပင်ပေါ် ပက်ဖြန်းကျွေးလေ့ရှိပါသည်။
(၄) ဝိုင်းပက်ကျွေးခြင်း
အပင် တစ်ပင်ခြင်းဆီ၏ ပတ်လည်ကို မြေဆွပြီး မြေသြဇာကျွေးသော နည်းဖြစ်သည်။ မြေသြဇာနှင့် မြေကြီးတို့
ကောင်းစွာ ရောနှောသွားစေရန် တူရွင်း၊ ပေါက်ပြားတို့ဖြင့် သေသေချချာ မြေဆွးပေးပြီး စနစ်တကျ မြေပြန်ဖုံးပေးရန်
လိုအပ်ပါသည်။
(၅) မြေကျင်းတူး၍ ကျွေးခြင်း
လိမ္မော်၊ သရက်၊ အုန်းပင် စသော အပင်ကြီးတွင် ယခုနည်းကို အသုံးပြုလေ့ရှိသည်။ အပင်အရွယ်အစား အကြီးအသေး
လိုက်၍ မြေကျင်းများကို (၃) ကျင်းမှ (၁၀) ကျင်းအထိ အမြစ်ဇုံ ရောက်အောင် (၆) လက်မမှ (၂) ပေ
အနက်ထိ မြေကျင်းတူးပေးရသည်။ မြေကျင်းတွင် မြေသြဇာထည့်ပြီး အပေါ်မှ မြေကို ပြန်ဖို့ကာ ရေအဝလောင်းပေးရသည်။
အပင်အများစုမှာ အပင်၏ ကိုင်အခတ်များ ဖြန့်ကားနိုင်သည့်အထိ အပင်အမြစ်များ ရောက်ရှိနိုင်သည်။
(၆) အရွက်များပေါ် ပက်ဖျန်းကျွေးခြင်း
လူများတွင် အားပြတ်သွားပါက အကြောဆေးသွင်းလျှင် အားအမြန်ပြည့်သကဲ့သို့ အပင်များကို အမြန်အဟာရပြည့်စေသော
နည်းမှာ အရွက်ပေါ် မြေသြဇာ ပက်ဖျန်းပေးခြင်း ဖြစ်သည်။ အနည်းလိုအဟာရများသည် ပမာဏနည်းသည့်အတွက်
မြေကြီးထဲတွင် ထည့်ကျွေးပါက ဆုံးရှုံးမှုကို ကာမိစေရန် လိုအပ်သည့် ပမာဏထက် အဆပေါင်းများစွာ ထည့်ကျွေးရန်
လိုအပ်သည်။ ထိုကြောင့် ရွက်ဖြန်းအဖြစ် အသုံးပြုလေ့ရှိသည်။
(၇) သွင်းရေနှင့် အတူကျွေးခြင်း
သွင်းရေထဲတွင် မြေသြဇာကို ရောထည့်ပေးလိုက်ခြင်းဖြစ်သည်။ စိုက်ခင်းသို့ သွင်းသည့် ရေမြောင်းဝ သို့မဟုတ် ရေပိုက်ဝတွင်
မြေသြဇာကို အရည်ဖျော်၍ အစက်ချပြီး ထားလိုက်ခြင်းခြင့် စိုက်ကွင်းတစ်ခုလုံးသို့ ကောင်းစွာ ပျံ့နှံစေနိုင်သည်။ မြေသြဇာ
သာမက အကျိုးပြု အဏုဇီဝရည်ကိုပါ ထိုသို့ ပြုလုပ်နိုင်ပါသည်။
(၈) အပင်အတွင်းသို့ ထိုးသွင်းခြင်း
အပင်တွင်းသို့ ထိုးသွင်း၍ မြေသြဇာ ကျွေးသောနည်းကို အပင်ကြီး (သရက်၊ ဒူးရင်း၊ ပိန္နဲ) များအတွက် အပင်အဟာရ
ရရှိစေရန် သုံးပါသည်။ မြေသြဇာကို အရည်ဖျော်ပြီး သို့မဟုတ် မြေသြဇာရည်ကို ပင်စည်ထဲသို့ ထိုးသွင်းခြင်းဖြစ်သည်။
(အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်)