သူရဲကောင်းစစ်သည်များအားဂုဏ်ပြုပွဲအခမ်းအနား

မနက်ဖြန်ပြုလုပ်မယ့်သူရဲကောင်းစစ်သည်များအားဂုဏ်ပြုပွဲအခမ်းအနား

ဘယ်ခါမမေ့မယ့် ထာဝရနေ့စွဲ

ပြက္ခဒိန်ထဲက အထိမ်းအမှတ်နေ့
တစ်နေ့ မဟုတ်ပေမယ့်

၁ နှစ်တစ်ခါ “ဒီဇင်ဘာရဲ့ပထမပတ်
တနင်္ဂနွေ “တိုင်း

ခေတ်အဆက်ဆက်ကအသက်ပေး
သွားခဲ့တဲ့သူရဲကောင်းစစ်သည်တွေ
ကို ရည်စူးအလေးပြုတဲ့ပွဲ

တချို့က အဖေ့အတွက်
တချို့က သားအတွက်
တချို့က ချစ်သူ ခင်ပွန်းအတွက်
တချို့က အကို ၊ မောင်တွေအတွက်
တချို့က ရဲဘော် ရဲဘက်တွေအတွက်

ခံစားချက်အဖုံဖုံအဓိပ္ပာယ်တွေမျိုးစုံနဲ့

အနယ်နယ်အရပ်ရပ်ကနေသတိတရ
နဲ့ လွမ်းဆွတ်စွာလာဂုဏ်ပြုကြတယ်

ဘဝတူမိတ်ဆွေတွေဆုံတွေ့ကြတယ်

အချိန် ရာသီ ဘယ်လိုပြောင်းပြောင်း
ဒီနေ့ပွဲကိုရောက်တိုင်း အဟောင်းတွေ
အသစ်ဖြစ် ချန်ရစ်လေသူအတွက် ဂုဏ်ယူရင်း
တခါပြန်ဝမ်းနည်းကြတယ်

လာခဲ့ကြည့်ပါ
ကြုံရမယ့် မြင်ကွင်းဟာ
ကြည်နူးစရာလည်း ကောင်းသလို
ကြေကွဲစရာလည်း ကောင်းတယ်

တချို့က မျက်စိအလင်းမဲ့
တချို့က ကိုယ်လက်အင်္ဂါတွေမဲ့
တချို့တွေက ခြေတုတစ်ဖက်နဲ့
တချို့ကျ ခြေနှစ်ဖက်မရှိလို့ ဘီးလှည်းလေးနဲ့
အငြိမ်းစားလူအိုကြီးတွေလည်း ပါရဲ့လေ

ဘယ်သူ့ ဘယ်သူအတွက်မှ မဟုတ်
ဘူးဆိုရင်တောင် လူ လူချင်းစာနာစိတ်နဲ့ပဲမြင်ဖူးအောင်
လာခဲ့ကြည့်ပါ

ပကာသနတွေမလိုဘူး
သိခြင်း မသိခြင်းတွေမလိုဘူး
ဒီပွဲထဲကိုရောက်လာရင် စိတ်တွေ
အလိုလိုရင်းနှီးပြီးသားဖြစ်သွားတယ်

တကယ်ပါ ..
ဘဝမမေ့တဲ့ စစ်သားဟောင်းကြီး
ဦးဆောင်ခဲ့တဲ့ ဒီပွဲလေးဟာ

ကိုယ်တိုင် မသွားဘဲ မနေနိုင်လောက်အောင်

ဒီဇင်ဘာရဲ့မှတ်မှတ်ရရပွဲတခုဖြစ်စေခဲ့ပြီ …..