မှိုစားသင့် မစားသင့်

အဆိပ်ရှိတဲ့ မှိုကိုစားသုံးမိရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ မကြာခဏ မှိုဟင်းချက်စားပြီး ၊ ဆေးရုံနောက်ကျမှရောက်လို့ အသက်ဆုံးရှုံးတာတွေ မြင်တွေ့နေရပါတယ်။ ကမ္ဘာပေါ်မှာ မှိုအမျိုးပေါင်းသိန်းနဲ့ချီရှိတယ်။ မှိုမျိုးဆက် ၃၅၀၀၀၀ ဟာ အမည်နာမထင်ရှားတယ်။ အဖြူ၊ အနီ၊ အဝါ၊ အညို၊ ပန်းရောင်စတဲ့ အရောင်အဆင်းအမျိုးမျိုးရှိသလို အလုံးအဝိုင်း ထီးပုံကအစ သစ်ပုံသစ်ကိုင်းသဏ္ဌာန်အထိ သဏ္ဌာန်စုံလင်အောင်ရှိတတ်တယ်။

မျက်စိနဲ့မမြင်ရလောက်အောင်သေးငယ်တဲ့ မှိုများရှိကြတယ်။ မှိုကလူသားတို့အတွက် ဟင်းလျာဖြစ်သလို ဆေးဝါးဖော်စပ်ရာမှာ အသုံးဝင်တယ်။ ပေါင်မုန့်ပြုလုပ်ရာမှာ သုံးတဲ့တဆေးဟာ မှိုတစ်မျိုးဖြစ်တယ်။

အချို့မှိုတို့မှာ လူသားတို့အတွက် ဒုက္ခအမျိုးမျိုးပေးနိုင်တယ်။ ချက်ပြုတ်စားသောက်ရင် အစာအဆိပ်သင့်စေတဲ့ မှိုလည်းရှိတယ်။ ဒါ့အပြင် လူ့ခန္ဓာကိုယ်ပေါ်မှာ အရေပြားရောဂါအမျိုးမျိုး ပွေး၊ ဂျွတ်၊ ဒက်၊ မှက္ခရုတို့ဟာ မှိုများဖြစ်တယ်။ မှိုတက်နေတဲ့ ငရုတ်သီး၊ မြေပဲတို့မှ မှိုတစ်မျိုးဟာ အသည်းကင်ဆာဖြစ်စေတယ်။ ကမ္ဘာပေါ်မှာ စားကောင်းတဲ့မှိုနဲ့ မစားကောင်းတဲ့မှိုဆိုပြီး အများအပြားရှိရာ   မျိုးရိုးပေါင်း ၇၀၀ ကျော်မှာ စားကောင်းတဲ့ မှိုအဖြစ် လူတို့အသိအမှတ်ပြုထားတယ်။

စားကောင်းတဲ့မှိုထဲမှာ ငှက်ပျောမှို၊ ကြက်တောင်၊ မြက်ကြားမှို၊ တောင်ပို့မှို၊ ဝါးရင်းမှို၊ ကောက်ရိုးမှို၊ ကိုင်းမှို၊ သပြေမှို၊ မှိုသားပိုက်၊ ခြေတိုခြေရှည်မှို၊ ဆန်ကွဲမှို၊ မှိုဖြူ၊ အင်ကိုင်းမှို၊ မှိုဦးနှောက်၊ ဝါးရောင်မှို၊ သရက်မှို၊ ပဲမှို၊ မှိုထိပ်ချွန်၊ ညောင်မှို၊ မှိုနီပွင့်၊ ကြခတ်မှို၊ မှိုဥ၊  မှိုကုန်းကုန်းတို့ဟာ စားကောင်းပါတယ်။ မစားကောင်းတဲ့မှိုတွေမှာ ကြက်ဆူမှို၊ မှိုကွန်ချာ၊ ခွေးလှေးမှို၊ နွားချေးမှို၊ ခွေးသေးပန်းမှို၊ ကြက်တူရွေးခေါင်းမှို၊ နဂါးမှို၊ မှိုရှားစေး၊ သစ်ဖုမှို၊ ဂုန်လျှော်မှို၊ သဲမှို၊ သစ်ကြားမှို စတာတွေပါဝင်ပါတယ်။

မှိုဟာမှိုစပိုး၊ မှိုမျှင်ခက်နဲ့ မှိုပွင့်ဆိုပြီး အဆင့်သုံးဆင့် ဖြစ်ပေါ်ကြီးထွားတယ်။ မှိုပွင့်အဆင့်အဆင့်မှာပါဝင်တဲ့ မှိုဆိပ်ဟာ လူကို ဒုက္ခပေးပါတယ်။ မစားကောင်းတဲ့ မှိုလက္ခဏာများမှာ

(၁)       မှိုရိုးတံကို လက်နဲ့ခြေကြည့်ပါက အလွယ်တကူကြေမွသွားရင် မစားကောင်းပါ။

(၂)        မှိုပေါ်ဆားအနည်းငယ်ဖြူးကြည့်လို့ မည်းသွားရင်မစားကောင်းပါ။

(၃)       မှိုပွင့်ကို လက်နဲ့ဖျစ်ပြီးကြည့်ရင် မည်းသွားပါက မစားသင့်ပါ။

(၄)       မှိုပွင့်ကို လက်နဲ့ဖျစ်ကာ ကြည့်သင့် တယ်။ နို့ရည်လို အဖြူရောင်အနှစ် များထွက်လာရင် မစားကောင်းပါ။

(၅)       ခြေချင်းပါတဲ့ မှိုကိုမစားသင့်ပါဘူး။ ခြေချင်းဆိုတာ မှိုရဲ့ခြေတံရှည် တစ်ဝက်ကျော်ကျော်ခန့်ရှိ အတွင်းပိုင်း အရစ် တစ်ရစ်ပဲဖြစ်တယ်။

(၆)       ပိုးရှိတဲ့မှို၊ ဆွေးနေတဲ့မှို၊ ပုပ်သိုးနေတဲ့မှိုများ မစားသင့်ပါဘူး။

(၇)       မှိုကိုဓားနဲ့လှီးဖြတ်ရာမှာ ပြာနှမ်းသွားရင် မစားသင့်ပါဘူး။

မတည့်တဲ့မှိုအဆိပ်သင့်တဲ့အခါ ဝေဒနာများကိုပါ ခံစားရတတ်ပါတယ်။ ၆-၁၈ နာရီအတွင်း အဆိပ်သင့်တဲ့ လက္ခဏာများ စတင်ပေါ် ပေါက်လာတတ်ပါတယ်။ အချို့စားပြီး အိပ်မောကျကာ ပြန်လည်မနိုးထလာနိုင်ဘဲ ဦးနှောက်နဲ့အာရုံကြောကို အဆိပ်မိစေတဲ့ထိ ဆိုးရွားတဲ့ မှိုအဆိပ်မျိုး တွေ့ရှိရပါတယ်။

လည်ချောင်းထဲမှာ တစ်ဆို့ဆို့ဖြစ်လာခြင်း၊ လည်မျိုညှစ်ထားသလို တင်းတင်းကျပ်ကျပ်ဖြစ်နေခြင်း၊  ဗိုက်ထဲမှာပူလောင်လာခြင်း၊ ရေအလွန်ငတ်ခြင်း၊ အော့အန်လာခြင်း၊ မူးဝေလာခြင်း၊  ဗိုက်နာလာခြင်း၊ သွေးဝမ်းသွားခြင်း၊ ဆီးချုပ်ခြင်း၊ စိတ်ကယောင် ချောက်ချား ဖြစ်ခြင်း၊ အသားအရေပြာနှမ်းလာခြင်း၊ သွေးဖိအားကျကာ သွေးခုန်အားလျော့နည်းလာခြင်း၊ အသက်ရှူပြင်းလာခြင်း၊ အသက်ရှူ ကျပ်လာခြင်း၊ ချွေးစေးများထွက်လာခြင်း၊ အားလျော့ကာ မေ့မြောသွားခြင်း၊ သေဆုံးသွားခြင်းတို့ ဖြစ်တတ်ပါတယ်။ အဆိပ်ရှိတဲ့ မှိုပမာဏဘယ်မျှ၊ ဘယ်ရွေ့စားရင်သေစေမယ်လို့ အတိအကျဖော်ပြဖို့ မလွယ်ကူပေမယ့် အဆိပ်ရှိတဲ့မှိုကို စားသုံးမိရင် ၂၄ နာရီ အတွင်း သေဆုံးနိုင်တယ်။ တစ်ခါတစ်ရံ အချို့ ၃-၄ ရက်ထိ မချိမဆံ့ခံစားရပြီး သေဆုံးသွားကြတယ်။