လောကပါလ နတ်မင်းကြီး ၄ပါး

ဓတရဋ္ဌ ၊ ဝိရူဠက ၊ ဝိရူပက္ခ ၊ ကုဝေရ ဟူသော နတ်မင်းကြီး ၄ ပါး ကို
ပါဠိလို စတုမဟာရာဇာ စတု = ၄ပါးသော (၄ဦးသော) မဟာရာဇ = နတ်မင်းကြီး
၄င်း နတ်မင်းကြီး ၄ပါး တို့အား ဆည်းကပ်ရသော နတ်တို့ကို `စတုမဟာ ရာဇိက ‘ ဟုခေါ်ပါသည် ။
ဤဘုံ၌ သိကြားမင်း ကိုယ်စား အုပ်စိုးသော နတ်မင်းတို့မှာ
ဓတရဌ နတ်မင်း
ဝိရူဠက နတ်မင်း
ဝိရူပက္ခ နတ်မင်း
ကုဝေရ နတ်မင်း
ဟူ၍ ရှိကြလေသည် ။
သိကြားမင်း ကိုယ်စား စိုးစံ ရသော နတ်တို့၏ ဘုံကို
စတုမဟာရာဇိကာ ဟု ပါဠိလိုခေါ်ဆိုကြလေသည် ။
ဓတရဠနတ်မင်း
ဓတရဋ္ဌ နတ်မင်းကြီးသည် ငွေရောင်တောက်ပသော မြင့်မိုရ် တောင်၏ အလယ်ခုလတ် အရှေ့ဘက် နံပါး၌ တည်လျက်
ဂန္ဓဗ္ဗနတ်(မွှေးကြိုင်သော နံ့သာပင် ၊သစ်မွှေးပင်တို့၌ ပဋိသန္ဓေနေကြသောနတ်များ)အပေါင်းတို့ကို အုပ်ချုပ်မင်းလုပ်သည်။
ဝိရူဠကနတ်မင်း
ဝိရူဠကနတ်မင်းကြီးသည် မြရောင်တောက်ပသော မြင့်မိုရ်တောင်၏ တောင်ဘက်နံပါး၌ ကုမ္ဘာန်
(ကြီးမားသော ဝမ်းဗိုက် နှင့် ဝှေးစေ့ ၊ ပြူးကျယ်နီမြန်းသော မျက်စိရှိကြသော ဒါနဝ ရက္ခိုသ်) အပေါင်းတို့ကို အုပ်ချုပ်၍ မင်းလုပ်သည်။
ဝိရူပက္ခနတ်မင်း
ဝိရူပက္ခနတ်မင်းကြီးသည် ဖန်ရောင်တောက်ပသော မြင့်မိုရ် တောင်၏ အနောက်ဘက်နံပါး၌ တည်လျက် နတ်နဂါး
အပေါင်းတို့ကို အုပ်ချုပ် မင်းလုပ်သည်။
ကုဝေရနတ်မင်း (ဝေဿဝဏ်နတ်မင်း)
ကုဝေရနတ်မင်းသည် ရွှေရောင်တောက်ပသော မြင့်မိုရ်တောင်၏ မြောက်ဘက် နံပါး၌ တည်လျက် နတ်ဘီလူးအပေါင်းတို့ကို
အုပ်ချုပ်မင်းလုပ်သည်။ ကုဝေရ နတ်မင်းကြီးကို နောက်တနည်းအားဖြင့် ဝေဿဝဏ် နတ်မင်းကြီးဟုခေါ်ကြပြန်သည်။
နတ်မင်းကြီး ၄ပါးတွင် ကုဝေရ နတ်မင်း(ဝေဿဝဏ်)သည် တန်ခိုးအကြီးဆုံးဖြစ်သည် ။
စတုမဟာရာဇ် နတ်ပြည်သည် လူ့ဘုံရဲ့ အထက် ယူဇနာ ပေါင်း ၄၂၀၀၀ ဝေးကွာသော ယုဂန္ဓိုရ် တောင်ထိပ်မှစ၍
မြင့်မိုရ် တောင်၏တောင်ခြေအထိ ကျယ်ပြန့်သည်။ စတုမဟာရာဇ် ဘုံရှိ နတ်တို့၏ သက်တမ်းမှာ နတ်တို့၏
သက်တမ်းအားဖြင့် နှစ် ၅၀၀ လူတို့၏ သက်တမ်းအားဖြင့် နှစ် ၉သန်း ဖြစ်သည်။
ဝေဿဝဏ် နတ်မင်းကြီး ကိုင်ဆောင်သော လက်နက်သည် သံတင်းပုတ် လက်နက်ဖြစ်သည်။
လူ့ဘဝ တစ်ခု၌ ဝိဿဏ မည်သော မင်းနေပြည်တော်၌ ရှင်ဘုရင်အဖြစ်ကို ရရှိဘူးသောကြောင့် ဝေဿဝဏ် နတ်မင်းဟု ခေါ်ဆိုခြင်းလည်း
ဖြစ်သည်။ ထိုနတ်မင်းကြီး ၄ပါးတို့သည် လောကကြီးကို စောင့်ရှောက်သော နတ်မင်းကြီး ၄ပါး ဖြစ်သောကြောင့်
စတုလောကပါလ နတ်မင်းကြီး ၄ပါးဟုခေါ်သည်။