ပါရမီဖြည့်ဖက်(အပိုင်း ၂)

မတ်လမှာ ၁၀ တန်းစာမေးပွဲဖြေပြီးသွားခဲ့သည်။ တစ်နှစ်တာပင်ပန်းခဲ့သမျှ
ပြီးဆုံးသွားခဲ့ပါပြီ။ တက္ကသိုလ်ဝင်တန်းစာမေးပွဲလို့ အမည်တပ်
ထားသည့်အတိုင်းပါပဲ။ ဒီစာမေးပွဲအောင်မြင်ပြီး သွားရင် သင့်တော်ရာ
တက္ကသိုလ်တစ်ခုခုကို သွားရောက်တက်ကြရတော့မည်။
စန္ဒာ..ငါ စစ်တပ်ထဲဝင်တော့မယ်
ဘာ
စန္ဒာ၏ အထိတ်တလန့်အသံကြောင့်
ကျွန်တော်လန့်သွားမိသည်။
ဟ.. ဖြည်းဖြည်းလုပ်ပါ။ နင်ကလဲ..
နင်ဘာလို့ စစ်တပ်ထဲဝင်မှာလဲ ကျော်ထက်၊ ကျောင်းဆက်မတတ်တော့ဘူးလား
ငါကျောင်းဆက်တက်မှာပါ။ ဒါပေမယ့် အရပ်ဘက်တက္ကသိုလ်တော့မဟုတ်ဘူး။
စစ်ဘက်တက္ကသိုလ်တက်မှာပါ ငါနဲ့အတူတူ နည်းပညာတက္ကသိုလ်ဖြစ်ဖြစ် တက်ကြမယ်လေ…
နင်တကယ်ဆုံးဖြတ်ပြီး ပြီလား
စန္ဒာအသံက ဝမ်းနည်းသံပါနေသည်။ နှုတ်ခမ်းနှစ်ခုတော့ မကျေနပ်မှုကို အတိအကျ ဖော်ပြနေသည်။
အေး..ငါ့ဆုံးဖြတ်ချက်ကို မပြင်တော့ဘူး
အေးလေ.. ဟုတ်ပါပြီ။ ငါသိချင်တာ နင်..ငါနဲ့ အဝေးကြီးမှာ နေနိုင်လား ဒါပဲ
မည်မျှပင် ရင်းနှီးသော်လည်း လူတစ်ဦး၏ စိတ်အခြေအနေသည် သိရခက်လှသည်။
ချော့တစ် ခါ တင်းတလှည့်ဖြင့် စည်းရုံးခဲ့သော်လည်း ကျွန်တော်၏ ဆုံးဖြတ်ချက်ကား
ပြင်ရန်ခက်ခဲလှသည်။
ဟိုရောက်ရင် ငါစာအမြဲရေးမှာပေါ့ဟာ၊
နောက်ပြီး တစ်နှစ်တစ်ခါ ခွင့်ပြန်လာလို့ရတာပဲ
ရုတ်တရက် တိတ်ဆိတ်သွားသော
ပတ်ဝန်းကျင်တွင် စန္ဒာ၏ရှိုက်သံသဲ့သဲ့က
ကျွန်တော့်နားထဲ ပြေးဝင်လာနေသည်။ အံကိုတော့ တင်းတင်းစေ့လျက်။
အောင်စာရင်းတွေမထွက်ခင်ကတည်းက စစ်တက္ကသိုလ်တက်ဖို့ ကျွန်တော်ပြေးပြေးလွှားလွှား
လေ့ကျင့်နေပါသည်။ ကျန်းမာကြံ့ခိုင်မှုရှိမှ စစ်သားတစ်ယောက်ဖြစ်မည်မဟုတ်ပါလား။
အခြေအနေနဲ့အချိန်အခါဆိုတာ လူတစ်ယောက်ရဲ့ဘဝကို ပြောင်းလဲပေးနိုင်စွမ်းရှိတယ်တဲ့။
ငါ့မှာလည်း မျှော်လင့်ချက်တွေအများကြီးပါ။ ဒါတွေတစ်နေ့ နင်နားလည်လာမှာပါစန္ဒာရယ်။
ကျွန်တော်က(၁၀)တန်းကို ဂုဏ်ထူးသုံးဘာသာ၊ စန္ဒာက လေးဘာသာဖြင့် ထိုက်ထိုက်တန်တန် အောင်မြင်ခဲ့ကြပါသည်။
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(-)သို့ ကျွန်တော်တက်ခွင့်ရခဲ့သည်။
ယခုခြေလျင်တပ်ရင်းသို့ ကျွန်တော်ရောက်ရှိတာဝန်ထမ်းဆောင်နေသည်မှာ ၂ နှစ်ကျော် ၃ နှစ်ခန့်သာ
ရှိသေးသည်။ ဗိုလ်အဆင့်ဖြင့်ပင် တပ်စုမှူးတာဝန်များကို ထမ်းဆောင်နေရပြီဖြစ်သည်။
ကျွန်တော် ဗိုလ်လောင်းသင်တန်းဆင်း၍ ခွင့်ပြန်ရသောအခါ စန္ဒာနှင့်တွေ့လျှင် ဂုဏ်ယူဝင့်ကြွားစွာပြောပြချင်သည့်
စကားများကို အတွေးဖြင့်စီရင်း တက်ကြွရွှင်လန်းနေခဲ့မိသည်။
တကယ်တန်း မွေးရပ်မြေသို့ ရောက်သည့်အခါမှာတော့ မပြုံးပျော်နိုင်လောက်အောင်ပင် ဖြစ်ခဲ့ရသည်။
စန္ဒာတို့မိသားစု ကျွန်တော်တို့မြို့က ပြောင်းရွှေ့သွားသောကြောင့် စန္ဒာနှင့်ကျွန်တော်ဝေးခဲ့ရသည်။
စန္ဒာတို့အဖေက ဝန်ထမ်းမို့ သူတို့မိသားစု တာဝန်ကျရာ နယ်စပ်မြို့တစ်မြို့သို့ ပြောင်းသွားပြီဟု သိရပြီးနောက်ပိုင်း
သူနှင့်ကျွန်တော် အဆက်အသွယ် ပြတ်တောက်ခဲ့သည်။…….
ဗိုလ်ကြီး တပ်ခွဲမှူးခေါ်နေတယ်
အော်..အေး…အေး
ပျံ့လွင့်နေသည့် အတွေးများကို စုစည်းကာ တပ်ခွဲမှူးရှိရာသို့ ထွက်လာခဲ့သည်။
ကဲ…ညီလေး၊ ကျော်ထက်..ခဏထိုင်ဦး။ တပ်ရင်းဌာနချုပ်က လှမ်းပြီး ညွှန်ကြားတယ်။
ရန်သူအဖွဲ့တစ်ဖွဲ့က ခရီးသည်တင်ကားတစ်စီးကို ဓားပြတိုက်ပြီးခရီးသည်အချို့ကိုလည်း ဓားစာခံအဖြစ်
ဖမ်းဆီးခေါ်ဆောင်သွားတယ်တဲ့။ သူတို့ခေါ်သွားတဲ့အထဲမှာ အမျိုးသမီးလေးတွေပါနေတယ်။ ရော့ ဒီမှာ သူတို့လှုပ်ရှားသွားလာတဲ့လမ်းကြောင်းမြေပုံ
တပ်ခွဲမှူး ညွှန်ပြသော မြေပုံကို ကျွန်တော်သေချာကြည့်ရှုပြီး ကျွန်တော်လုပ်ဆောင်ရမည့် လမ်းကြောင်းကို ရွေးချယ်လိုက်သည်။
အမြန်ဆုံးသွားရောက်ရှင်းလင်းပါ
ဟုတ်..
အလေးပြုကာ ပြန်လှည့်ထွက်လာခဲ့ပြီးလိုအပ်သည်များ ပြင်ဆင်ရန် တပ်စုရှိရာသို့ ခြေဦးလှည့် လိုက်သည်။
လိုအပ်သည်များ ပြင်ဆင်စုဖွဲ့ပြီး တပ်ခွဲမှူး ညွှန်ကြားလိုက်သည့်နေရာသို့ ချီတက်ခဲ့သည်။
လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြတ်သွားသည်ဟု..
ရွာသားများ၏ သတင်းပေးချက်အရ ရန်သူရှိရာသို့ ဖြတ်လမ်းမှ အမြန်ဆုံးချီတက်ခဲ့သည်။
ယခုလို ပွင့်လင်းရာသီမျိုးတွင် လက်နက်ကိုင်သောင်းကျန်းသူများသည် တပ်မတော်စစ်ကြောင်းများ
သွားလာမှုနည်းပါးသောလမ်းကြောင်းများ၌ ခရီးသွားမော်တော်ယာဉ်များကို ဓားပြတိုက်လေ့ရှိသည်။
အချို့သော ခရီးသည်ကားများတွင် မျှော်မှန်းထားသလောက် ငွေကြေးတောင်းမရသည့်အခါ လူများကို
ဓားစာခံအဖြစ် ခေါ်သွားတတ်သည်။
တချို့ကို ပြန်ပေးဆွဲသည့်သဘောဖြင့်
ငွေကြေးဖြင့်ပြန်လည်ရွေးခိုင်းသည်။
ယောကျာ်းလေး များကို ၎င်းတို့၏တပ်ဖွဲ့ဝင်များအဖြစ် စုဆောင်းသည်။
ချောမောလှပသော မိန်းကလေးများကို သား မယားအဖြစ် ပြုကျင့်ပြီး အိမ်နီးချင်းနိုင်ငံများတွင်
လိင်ကျွန်အဖြစ် လူကုန်ကူးကာရောင်းစားကြသည်။
ယခုသောင်းကျန်းသူများ
ဖမ်းဆီးခေါ်ဆောင်သွားသူများတွင်
အရွယ်ကောင်း ရုပ်ချောချော
မိန်းကလေးများပါဝင်သည်ဟု
မျက်မြင်တွေ့သူဒေသခံများက ပြောပြသည်။
အပိုင်း(၃)မျှော်…..
ဘုန်းမောင်ဝင်း(ဖျာပုံ)