ပါရမီဖြည့်ဖက်(အပိုင်း ၁)

အဝေးဆီမှ လွင့်မြောလာသော ဥသြငှက်၏ တေးသံကြောင့်
နွေဦးရာသီရောက်ပြီဟု သိလိုက်ရသည်။
နွေလေရူးကြောင့်တဖြုတ်ဖြု​တ်ကြွေနေသည့်
ရော်ရွက်ဝါများသည်လည်း ဝေ့ဝဲလျက်ရှိသည်။
ရှေ့တွင်မြင်တွေ့နေရသော ဘန့်ဘွေးပင်ကြီးများသည်
အရွက်အားလုံ​ကြွေချပြီး အထီးကျန်ဘဝကို ဖော်ပြနေကြသည်။
အဝေးဆီလှမ်းကြည့်လိုက်တော့ နေပူပူမှာ တည်ငြိမ်နေသည့်
တောင်တန်းကြီးကို လွမ်းမောဖွယ်တွေ့ရပြန်သည်။
နေအပူရှိန်ကြောင့် တံလျှပ်တွေ တရိပ်ရိပ်တက်နေသည်ကို မြင်နေရသည်မှာ
တံလျှပ်ရေထင် ရွှေသမင်အလိုက်မှား ဟူသော စကားပုံကလေးကို သတိရမိသည်။
တစ်ခါတစ်ရံ လေပြင်းတွေတိုက်ခတ်သံက တိတ်ဆိတ်ခြင်းကို
ဖြိုခွင်းလိုက်သကဲ့သို့ရှိသည်။ သစ်ပင်အချင်းချင်းလေတိုက်၍ ပွတ်ထိသံများက
စိတ်ပျက်ညည်းညူနေသည့်ဟန်။ ရိုးတံကျဲကျဲ သစ်ပင်များနှင့်
သဘာဝပတ်ဝန်းကျင်ကြောင့် ရင်ထဲမှာလွမ်းသလို ဆွေးသလိုခံစားရသည်။
အဖော်မဲ့တစ်ကိုယ်တည်းမို့ ကျွန်တော်သည် သစ်ပင်တစ်ပင်ကိုမှီရင်း
တပ်မတော်သားဘဝကို ပြန်လည်ဆင်ခြင် သုံးသပ်နေမိသည်။
တပ်မတော်သားတစ်ယောက်ဆိုသည်မှာ စိတ်ဓာတ်၊ စည်းကမ်း၊
သစ္စာ၊ စည်းလုံးမှု၊ စွမ်း ရည်သုံးရပ်ပြည့်စုံမှုဆိုသော အခြေခံအရည်အချင်းငါးပါးနဲ့
ပြည့်စုံနေရမည်။ စိတ်ဓာတ်ကောင်း ရသလို၊ စည်းကမ်းအရာမှာလည်း
စံနမူနာပြဖြစ်နေရသည်။ နိုင်ငံတော်နှင့် တပ်မတော်အပေါ် အမြဲတမ်း သစ္စာရှိနေရမည်။
တပ်တွင်း၊ တပ်ပြင်စည်းလုံးမှုရှိစွာဖြင့် စစ်ကိုနိုင်အောင်တိုက်ပြီး ပြည်သူချစ်အောင်ကျင့်ကြံ
နေထိုင်ကြရသည်။ စစ်ရေး၊ အုပ်ချုပ်ရေး၊ စည်းရုံးရေးဟူသော စွမ်းရည်သုံးရပ်နှင့်
ပြည့်စုံနေသူများဖြစ်ကြသည်။
တပ်မတော်သားကို အထင်မကြီးတတ်တဲ့..စန္ဒာရယ်…
တပ်မတော်သားတစ်ယောက်ဖြစ်ဖို့ဆိုတာ တကယ်တော့ မလွယ်လှပါဘူး။
စွန့်လွှတ်စွန့်စားတဲ့ စိတ်ဓာတ်မျိုးရှိသူတွေသာ တပ်မတော်သားဖြစ်လာကြတာပါ။
လူတိုင်းမစွန့်လွှတ်ရဲတဲ့၊ မစွန့်လွှတ်နိုင်တဲ့အရာကတော့ အသက်နှင့်ခန္ဓာပါပဲ။
တပ်မတော်သားတွေကတော့ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက်
ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုထားသူများပီပီ နိုင်ငံတော်အတွက်
အသက်ပေးတာဝန်ထမ်းဆောင်နေသူများဖြစ်ကြောင်း စန္ဒာ သိစေချင်ပါသည်။
စန္ဒာရေ..အခုဆို နင်အထင်မကြီးတဲ့ ငါလေ နိုင်ငံအတွက် ကြီးလေးတဲ့တာဝန်တွေ
ထမ်းဆောင် နေရပြီဆိုတာ နင့်ကိုပြောပြချင်လိုက်တာ။
ဒီအကြောင်းတွေသာ နင်သိရင် ငါ့အတွက် နင်ဂုဏ်ယူနိုင်မှာပါ။
နင်နဲ့ငါ ခွဲခွာခဲ့ရတာ..နှစ်တွေကြာပေမယ့် ငါမမေ့ပါဘူးစန္ဒာရယ်…။
အခုလို သစ်ရွက်တွေကြွေပြီး
လက်ပံတွေပွင့်ချိန်ပေါ့။ တို့နှစ်ယောက်ခွဲခွာခဲ့ရတာ.. ပြန်တွေး ကြည့်တော့..နှစ်တွေမနည်းတော့ပါလား။
အပိုင်း(၂) မျှော်
ဘုန်းမောင်ဝင်း(ဖျာပုံ)